သိန်းလွင်

စိုက်ပျိုးရေးဟာ လူသားတို့အတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့အပြင် စိတ်ပျော်ရွှင်မှုကိုလည်း ဖြစ်စေပါတယ်။ ပန်းအိုးလေးတစ်လုံးထဲမှာ စိုက်ထားတဲ့ အပင်ပေါက်လေးတစ်ပင်ကို နေ့စဉ်ရေလောင်းပြီး ရှင်သန်ကြီးထွားလာတာကို ကြည့်ရတဲ့အခါ ရရှိတဲ့ပျော်ရွှင်မှုက ဘာနဲ့မှမလဲနိုင်အောင် တန်ဖိုးရှိပါတယ်။ ဒါဟာစိုက်ပျိုးခြင်းကနေ ရရှိနိုင်တဲ့ ရိုးရှင်းတဲ့ ပျော်ရွှင်မှုတွေထဲက တစ်ခုပါ။ လူတိုင်းနီးပါးဟာ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နိုင်ပြီး အဲဒီလုပ်ငန်းကနေလည်း စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုတွေအပြင် အကျိုးကျေးဇူးများစွာကို ရရှိနိုင်ပါတယ်။ လူအများစုက စိုက်ပျိုးရေးကို ကျေးလက်ဒေသတွေမှာ နေထိုင်သူတွေ ဒါမှမဟုတ် လယ်သမားတွေအတွက်သာ သီးသန့်လုပ်ငန်းလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ စိုက်ပျိုးရေးဟာ လူတိုင်းနီးပါးလုပ်ကိုင်နိုင်ပြီး ရရှိလာတဲ့ အကျိုးကျေးဇူးတွေကလည်း များပြားလှပါတယ်။ စိုက်ပျိုးရေးက ကိုယ့်ကိုယ်ကိုယ် အမှီအခိုကင်းစွာ ရပ်တည်နိုင်ဖို့အတွက်သာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် စိုက်ပျိုးခြင်းဟာလည်း ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်အောင်ထိန်းထားနိုင်တဲ့ နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်။ မျိုးစေ့လေးတွေချပြီး မြေကြီးထဲ စိုက်လိုက်ရတဲ့အခါမျိုးမှာ ကိုယ်တိုင်ဘဝကို ပုံဖော်ဖန်တီးလိုက်ရသလို ခံစားရတဲ့အပြင် အပင် တွေ ကြီးထွားလာတာကို နေ့စဉ်စောင့်ကြည့်ရတဲ့အခါ ကိုယ်တိုင်ဘဝကို ဖန်တီးနေရသလိုခံစားရပြီး ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် ပီတိဖြစ်ရပါတယ်။

စိုက်ပျိုးခြင်းကို ရောဂါကုထုံး တစ်ခုအနေနဲ့တောင် အသုံးပြုနိုင်

ပန်းပင်ဖြစ်ဖြစ်၊ ဟင်းသီးဟင်းရွက်ပင်ဖြစ်ဖြစ် ကိုယ်တိုင်စိုက်ပျိုးလိုက်တဲ့ အသီးအပွင့်တွေကို မြင်ရတဲ့အခါ ဘာနဲ့မှမတူတဲ့ ဂုဏ်ယူပီတိနဲ့ ကျေနပ်မှုကို ခံစားရစေပါတယ်။ ဒီပျော်ရွှင်မှုဟာ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို ပေါ်လွင်စေတဲ့ ရလဒ်ကောင်းတစ်ခုဖြစ်ပါတယ်။ မြေကြီးကိုကိုင်တွယ်ရတဲ့အခါ၊ အပင်ပေါက်လေးတွေကို ပြုစုပျိုးထောင်ရတဲ့အခါတွေမှာ စိတ်ဖိစီးမှုတွေ၊ ပူပင်သောကတွေ လျော့ပါးသက်သာသွားစေပါ တယ်။ ပြီးတော့ စိမ်းစိုနေတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ အတူရှိနေရတဲ့အတွက် စိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်။ ဒါကြောင့် စိုက်ပျိုးခြင်းကို ရောဂါကုထုံး တစ်ခုအနေနဲ့တောင် အသုံးပြုနိုင်တယ်လို့ ဆိုကြပါတယ်။ စိတ်ပညာရှင်တွေရဲ့ လေ့လာချက်တွေအရ မြေကြီးမှာပါဝင်တဲ့ "Mycobacterium vaccae" ဆိုတဲ့ ဗက်တီးရီးယားပိုးဟာ ဦးနှောက်ကို sero-tonin ထုတ်ပေးဖို့ လှုံ့ဆော်ပေးနိုင်တာကြောင့် စိတ်ခံစားမှုကို ပိုမိုကောင်းမွန်စေပြီး ပျော်ရွှင်မှုကို ခံစားရစေတယ်လို့ ဆိုပါတယ်။ 

ဒီလို အကျိုးတရားတွေ ခံစားရရှိစေတဲ့ စိုက်ပျိုးခြင်းလုပ်ငန်းတွေထဲကမှ အထူးသဖြင့် စပျစ်သီးလို သီးနှံတွေကို စိုက်ပျိုးခြင်းဖြင့် စီးပွားရေးအကျိုး အမြတ်ရရှိရုံသာမက စိတ်ကျေနပ်ပျော်ရွှင်မှုနဲ့ သဘာဝအလှတရားတွေကိုပါ ခံစားရရှိစေနိုင်ပါတယ်။ စပျစ်စိုက်ပျိုးခြင်းဟာ ရေရှည်အတွက် အကျိုး အမြတ်များစွာ ရရှိစေနိုင်တဲ့ စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ စိုက်ပျိုးတဲ့နည်းစနစ်အပေါ် မူတည်ပြီး ကုန်ကျစရိတ်နဲ့ ဝင်ငွေအခြေအနေတွေ ကွာခြားနိုင်တာကို တွေ့ရပါတယ်။ 

စပျစ်စိုက်ပျိုးရာမှာ အဓိကအားဖြင့် ကိုင်းဖြတ် မျိုးပွားခြင်း (Cutting)နဲ့ ကိုင်းဆက်ခြင်း (Grafting)ဆိုပြီး နည်းလမ်းနှစ်မျိုးရှိပါတယ်။ ကိုင်းဖြတ်မျိုးပွား ခြင်းနည်းစနစ်ဟာ စတင်ရင်းနှီးမြှုပ်နှံမှု ပမာဏနည်းပြီး အမြတ်အစွန်းကို ပိုမိုမြန်မြန်ရရှိစေနိုင် ပါတယ်။ စတင်စိုက်ပျိုးတဲ့နှစ်မှာ တစ်ဧကအတွက် ကုန်ကျစရိတ်ဟာ ကျပ်သိန်း ၁၀၀ ခန့်ရှိပြီး ဒုတိယ နှစ်မှာတော့ အသီးစတင်ထွက်ရှိလို့ ဝင်ငွေကျပ် ၃၆ သိန်းခန့် ရရှိနိုင်ပါတယ်။ တတိယနှစ်မှာ အထွက်နှုန်းပိုမိုတိုးတက်လာပြီး ဝင်ငွေကျပ် ၁၃၅ သိန်းခန့် ရရှိနိုင်ပါတယ်။ ကိုင်းဖြတ်မျိုးပွားခြင်းနည်းစနစ်နဲ့ စိုက်ပျိုးမယ်ဆိုရင် တတိယနှစ်မှာ အရင်းကျေပြီး နှစ်စဉ်အမြတ်ငွေတွေ ရရှိစေနိုင်ပါတယ်။ 

ကိုင်းဆက်ခြင်းနည်းစနစ်ဟာ အစပိုင်းမှာ ရင်းနှီးငွေ ပိုမိုကုန်ကျပေမယ့် ရေရှည်မှာတော့ အထွက်နှုန်းပိုမိုကောင်းမွန်ပြီး အကျိုးအမြတ် ပိုရနိုင်ပါတယ်။ ဒီနည်းစနစ်နဲ့ စိုက်ပျိုးရင် တတိယနှစ် မှာ အသီးစတင်ရရှိပြီး ဝင်ငွေကျပ် သိန်း ၁၅၀ ခန့် ရရှိနိုင်ပါတယ်။ စတုတ္ထနှစ်မှာတော့ အပင်တွေ ပိုပြီးသန်မာလာတာကြောင့် အထွက်နှုန်း ပိုမို တိုးလာနိုင်ပြီး ဝင်ငွေကျပ် ၁၆၅ သိန်းခန့် ရရှိနိုင်ပါတယ်။ ကိုင်းဆက်ခြင်းနည်းစနစ်နဲ့ စိုက်ပျိုးမယ်ဆိုရင် စတုတ္ထနှစ်မှသာ အရင်းကျေနိုင်ပေမယ့် အားသာချက်ကတော့ ကိုင်းဖြတ်မျိုးပွားခြင်း နည်းစနစ်ထက် အထွက်နှုန်း ပိုမိုကောင်းမွန်တာကြောင့် နှစ်ရှည်အမြတ်အစွန်း ပိုမိုရရှိနိုင်ပါတယ်။ ဒါကြောင့် စပျစ်စိုက်ပျိုးရေးလုပ်ငန်းဟာ အချိန်ယူပြီး စိုက်ပျိုးရတဲ့လုပ်ငန်းတစ်ခုဖြစ်ပေမယ့် စနစ်တကျစီမံခန့်ခွဲနိုင်ရင် ရေရှည်မှာရင်းနှီးမြှုပ်နှံမှုရဲ့ အကျိုးအမြတ်ကို အပြည့်အဝခံစားရမှာ ဖြစ်ပါတယ်။

တွဲလဲကျနေတဲ့ စပျစ်သီးခိုင်တွေဟာ သဘာဝရဲ့အလှတရားကို ပိုပြီးထင်ရှားစေ 

လူသားတွေဟာ သဘာဝတရားနဲ့ ခွဲခြားလို့ မရပါဘူး။ စပျစ်ခြံတွေထဲ နေရောင်ခြည်နွေးနွေး အောက် လမ်းလျှောက်နေတဲ့အခါ စိမ်းစိုနေတဲ့ စပျစ်ရွက်တွေရဲ့အောက်မှာ တွဲလဲကျနေတဲ့ စပျစ်သီးခိုင်တွေဟာ သဘာဝရဲ့အလှတရားကို ပိုပြီးထင်ရှားစေပါတယ်။ စပျစ်စိုက်ပျိုးခြင်းဟာ ကိုယ်ခန္ဓာကို ကျန်းမာစေရုံသာမက စိတ်ကိုလည်းအေးချမ်း ပျော်ရွှင်စေပါတယ်။ စပျစ်ပင်တွေကို ပျိုးထောင်စိုက်ပျိုးတဲ့အခါ အပင်လေးတွေကြီးထွားလာတာကို တွေ့မြင်ရတဲ့ပျော်ရွှင်မှုကနေအစပြုပြီး တစ်နေ့ထက်တစ်နေ့ အပင်တွေ ပိုပြီးသန်စွမ်းလာတာ၊ အကိုင်းအခက်တွေ ဖြာထွက်လာတာ၊ ပန်းပွင့်လေးတွေ ပွင့်လာတာ၊ နောက်ဆုံးမှာ စပျစ်သီးခိုင်လေး တွေ တွဲလဲကျပြီး တဖြည်းဖြည်းချင်း ကြီးရင့်ကာ အရောင်ပြောင်းလာတာကို တွေ့ရတဲ့အခါ စိုက်ပျိုး သူရဲ့စိတ်ထဲမှာ ပီတိတွေဖြစ်နေရပါတယ်။ ဒါဟာ ဘဝကို ဖန်တီးပုံဖော်နေရသလို ခံစားရပြီး ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေ အရာထင်လာတာကို မျက်ဝါးထင်ထင်မြင်ရတဲ့ ပျော်ရွှင်မှုပဲဖြစ်ပါတယ်။

သဘာဝရဲ့ လက်ဆောင်တွေထဲမှာ စပျစ်သီးဟာ လူသားတို့ရဲ့နေ့စဉ်ဘဝနဲ့ အနီးကပ်ဆုံးဆက်စပ်နေတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ စပျစ်သီးကို သာမန် စားသုံးဖို့အတွက်သာမကပဲ လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး စတဲ့ကဏ္ဍမျိုးစုံမှာ အရေးပါတဲ့အခန်း ကဏ္ဍကနေ ထည့်သွင်းအသုံးပြုနေတာကို တွေ့ရပါတယ်။ စပျစ်သီးရဲ့သမိုင်းကြောင်းဟာ လူ့ယဉ်ကျေးမှု သမိုင်းနဲ့ ယှဉ်တွဲနေပြီး ရှေးခေတ်ကာလကတည်း က လူသားတွေရဲ့ နေထိုင်မှုပုံစံကို ပုံဖော်ပေးခဲ့ပါတယ်။ စပျစ်သီးမှာပါဝင်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်ကို ကျန်းမာသန်စွမ်းစေပါတယ်။ စပျစ်သီးကို လတ်လတ်ဆတ်ဆတ်စားသုံးခြင်း၊ ဖျော်ရည် ဒါမှမဟုတ် စပျစ်သီးခြောက်အဖြစ် နေ့စဉ်စားသောက်မှု ပုံစံထဲမှာ ထည့်သွင်းစားသုံးကြပါတယ်။ စပျစ်သီးကို သာမန်စားသုံးခြင်းကနေ ဖျော်ရည်၊ ယို၊ အချိုပွဲ စတဲ့ ပုံစံမျိုးစုံနဲ့ပြုလုပ်ပြီး လူ့ဘဝကို အရသာထူးကဲစေပါတယ်။ 

စပျစ်သီးဟာ လူသားတို့ရဲ့ လူမှုရေးပွဲလမ်း သဘင်တွေမှာလည်း အဓိကအခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ စပျစ်သီးကနေ ထုတ်လုပ်တဲ့ဝိုင်ဟာ ကမ္ဘာတစ်ဝန်းက ယဉ်ကျေးမှုများစွာရဲ့ အစိတ် အပိုင်းတစ်ခု ဖြစ်လာပါတယ်။ ပျော်ပွဲရွှင်ပွဲတွေ၊ အခမ်းအနားတွေနဲ့ လူမှုရေးပွဲတွေမှာ ဝိုင်နဲ့ ဧည့်ခံကျွေးမွေးကြပြီး ဝိုင်သောက်သုံးခြင်းက ကျန်းမာရေး အတွက်သာမက လူမှုပေါင်းသင်းဆက်ဆံရေးကိုလည်း ပိုမိုခိုင်မြဲစေပါတယ်။ ဝိုင်ထုတ်လုပ်မှုဟာလည်း ဒေသအသီးသီးရဲ့ ယဉ်ကျေးမှုနဲ့ ကိုယ်ပိုင်ဟန်ကို ပုံဖော်နေပြီး နိုင်ငံအသီးသီးမှာ သီးခြားဝိုင် ထုတ်လုပ်တဲ့ လုပ်ငန်းတွေ ထွန်းကားလျက်ရှိပါတယ်။ စပျစ်သီးစိုက်ပျိုးရေးဟာ ဒေသခံလူမှုအဖွဲ့ အစည်းတွေအတွက် စီးပွားရေးအခွင့်အလမ်းတွေ ဖန်တီးပေးပါတယ်။ စပျစ်ခြံတွေ၊ ဝိုင်ချက်စက်ရုံတွေဟာ ဒေသခံတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးရုံသာမက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကိုပါ မြှင့်တင်ပေးပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေဟာ နာမည်ကြီးဝိုင်ခြံတွေကို သွားရောက်လေ့လာပြီး စပျစ်စိုက်ပျိုးခြင်းနဲ့ ဝိုင်ထုတ်လုပ်ခြင်းအနုပညာကို လေ့လာကြပါတယ်။ ဒီလိုလုပ်ငန်းတွေကြောင့် စပျစ်စိုက်ပျိုးသူတွေရဲ့ စီးပွားရေးတိုးတက်စေပါတယ်။

ရာသီဥတုပြောင်းလဲမှုကို ကာကွယ်ရာမှာလည်း အရေးပါ 

စပျစ်သီးနှံဟာ စီးပွားဖြစ်စိုက်ပျိုးနိုင်ပြီး အရေးပါတဲ့ သီးနှံတစ်ခုဖြစ်တဲ့အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို အထောက်အကူဖြစ်စေပါတယ်။ စပျစ်ပင်တွေဟာ ကာဗွန်ဒိုင်အောက်ဆိုက် လျှော့ချရာမှာ အထောက်အကူပြုတဲ့အပြင် ရာသီဥတုပြောင်းလဲမှုကို ကာကွယ်ရာမှာလည်း အရေးပါ တယ်လို့ဆိုကြပါတယ်။ ဒါကြောင့် စပျစ်စိုက်ပျိုးခြင်းက ဂေဟစနစ်ကို ထိန်းသိမ်းရာမှာသာမက ကျေးလက် ဒေသတွေရဲ့ ရေရှည်ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာလည်း အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်။ 
စပျစ်ပင်ရဲ့ အမြစ်ဖွဲ့စည်းပုံဟာ နက်ရှိုင်းတဲ့ အမြစ်စနစ် (Deep Root System) ရှိတဲ့အတွက် မြေဆီလွှာအတွင်းမှာရှိတဲ့ အာဟာရဓာတ်တွေကို ထိရောက်စွာ စုပ်ယူအသုံးပြုနိုင်ပြီး မြေကြီးကို လေဝင် လေထွက်ကောင်းစေကာ မြေဆီသြဇာညံ့ဖျင်းမှုကို ကာကွယ်ပေးနိုင်တဲ့အတွက် စပျစ်ပင်စိုက်ပျိုးပေးခြင်းကနေ မြေဆီလွှာထိန်းသိမ်း ရေးလုပ်ငန်းတွေအတွက် အရေးပါစေနိုင်ပါတယ်။ ဒါ့အပြင် စပျစ်ပင်ဟာ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူနိုင်စွမ်းရှိပြီး တစ်ဧကဆိုရင် တစ်နှစ်ကာလ အတွင်း ကာဗွန် ၂ ဒသမ ၅ တန်ကနေ သုံးတန်အထိ လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် စပျစ်ပင်ဟာ ဖန်လုံအိမ်ဓာတ်ငွေ့ကိုစုပ်ယူပြီး အောက်ဆီဂျင် ထုတ်လွှတ်ပေးတဲ့အတွက် ရာသီဥတုပြောင်းလဲမှုကို လျှော့ချရာမှာ အထောက်အကူပြုစေနိုင်ပါတယ်။

စပျစ်ခြံတွေဟာ ကမ္ဘာ့နေရာအတော်များများမှာ ပျံ့နှံ့တည်ရှိပြီး အထူးသဖြင့် ခြောက်သွေ့တဲ့ ရာသီဥတုရှိတဲ့ဒေသတွေမှာ အများဆုံးစိုက်ပျိုးကြပါတယ်။ ဒါကြောင့်လည်း စပျစ်စိုက်ပျိုးရေးဟာ ရေလိုအပ်ချက်အများဆုံး စိုက်ပျိုးရေးလုပ်ငန်းတွေထဲက တစ်ခုဖြစ်လာပါတယ်။ ရေကို ထိရောက်စွာ အသုံးပြုနိုင်မှုဟာ စပျစ်သီးတွေရဲ့ အရည်အသွေး ကိုသာမက စိုက်ပျိုးရေးလုပ်ငန်းရဲ့ ရေရှည်တည်တံ့ ခိုင်မြဲမှုကိုပါ ဆုံးဖြတ်ပေးပါတယ်။ စပျစ်ပင်တွေရဲ့ ရှင်သန်ကြီးထွားမှုမှာ အဆင့်တိုင်းအတွက် ရေဟာမရှိမဖြစ်လိုအပ်ပါတယ်။ စပျစ်ပင်တွေရဲ့ အစောပိုင်း ကြီးထွားမှုကာလတွေဖြစ်တဲ့ အပင်စစိုက်ချိန်နဲ့ ပင်ပေါက်ကလေးတွေ ကြီးထွားလာချိန်မှာ ရေကိုပုံမှန် လောင်းပေးဖို့လိုအပ်ပြီး ဒီအဆင့်မှာ ရေဓာတ် ပြည့်ဝနေမှ အပင်တွေရဲ့အမြစ်စနစ်က အားကောင်းကာ ကောင်းစွာကြီးထွားနိုင်မှာ ဖြစ်ပါတယ်။ 

ရေလိုအပ်မှု အမြင့်ဆုံးဖြစ်တဲ့ စပျစ်ပန်းပွင့်တွေပွင့်ပြီး အသီးစတင်သီးချိန်မှာ ရေအလုံအလောက် မရဘူးဆိုရင် အသီးခိုင်တွေရဲ့ အရွယ်အစားက သေးငယ်နေပြီး အသီးရဲ့အရည်အသွေးကိုပါ ထိခိုက် စေပါတယ်။ ရေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ သေချာစွာ ဂရုစိုက်ပေးရမယ့်အချိန်ကတော့ ရိတ်သိမ်းခါနီး အချိန်ကာလဖြစ်ပါတယ်။ အဲဒီအချိန် အသီးတွေ ရင့်မှည့်လာတဲ့အချိန်မှာတော့ ရေကို လျှော့ချပေးဖို့ လိုအပ်ပါတယ်။ ရေအလွန်အကျွံပေးမိမယ်ဆိုရင် အသီးထဲမှာ သကြားဓာတ်ပါဝင်မှု နည်းသွားပြီး ရေဓာတ်များတဲ့အတွက် အသီးအရသာက မပြည့်စုံ တော့ပါဘူး။ ဝိုင်ထုတ်လုပ်ဖို့အတွက် စိုက်ပျိုးတဲ့ စပျစ်ခြံတွေမှာဆိုရင် ဒီအချက်ကအရေးအကြီးဆုံး ဖြစ်ပြီး ဝိုင်ရဲ့အရည်အသွေးကိုပါ သက်ရောက်မှု ရှိစေပါတယ်။ 

စပျစ်ပင်က ရေရဲ့ pH ပမာဏကို တုံ့ပြန်တတ်ပြီး သတ္တုဓာတ်တွေများတဲ့ရေက အပင်ရဲ့ အမြစ်စနစ်ကို ထိခိုက်စေနိုင်ပါတယ်။ စပျစ်ပင်တွေဟာ အက်စစ် ဓာတ်အနည်းငယ်ရှိတဲ့ ရေကို ပိုကြိုက်ကြပြီး အယ်လ်ကာလီဓာတ် ပါဝင်မှုများတဲ့ရေက အပင်ရဲ့ အာဟာရစုပ်ယူမှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ရေထဲမှာပါဝင်တဲ့ ဆားဓာတ်နဲ့ ကလိုရင်းဓာတ် ပမာဏကိုလည်း အထူးဂရုပြုသင့်ပါတယ်။ ဒီဓာတ်တွေဟာ အပင်ကြီးထွားမှုကို နှေးကွေးစေပြီး စပျစ်သီးရဲ့ အရည်အသွေးကို ထိခိုက်စေနိုင်ပါတယ်။ ယေဘုယျအားဖြင့် မြေအောက်ရေ က တည်နေရာပေါ်မူတည်ပြီး ချဉ်ငန်ဓာတ် ၆ ဒသမ ၅ ကနေ ၈ ဒသမ ၅ လောက်အထိ ရှိနိုင်ပါတယ်။ ကျောက်တုံးကျောက်လွှာတွေ၊ ထုံးဓာတ်များတဲ့ နေရာတွေနဲ့ အပူပိုင်းဒေသတွေကထွက်တဲ့ ရေတွေမှာတော့ အငန်ဓာတ် ပိုမိုပါဝင်နေတတ်ပါတယ်။ 

မြစ်ရေကတော့ သဘာဝအတိုင်းဆို ချဉ်ငန် ဓာတ် ၆ ဒသမ ၅ ကနေ ၈ လောက်အထိရှိနိုင်ပြီး မိုးရေနဲ့ရောသွားတဲ့အခါ ချဉ်ငန်ဓာတ်အနည်းငယ် ကျသွားနိုင်ပါတယ်။ သွင်းရေ (စိုက်ခင်းသွင်းရေ)ကတော့ ရေအရင်းအမြစ် (ဆည်ရေ၊ ကန်ရေ၊ မြေအောက်ရေ၊ မြစ်ရေ)ပေါ်မူတည်ပြီး ချဉ်ငန်ဓာတ် ကွဲပြားနိုင်ပါတယ်။ မြေအောက်ရေက ဒီအတိုင်း သုံးရင် များသောအားဖြင့် ငန်နေတတ်ပြီး မြစ်ရေနဲ့ သွင်းရေကတော့ တည်နေရာအပေါ်မူတည်ပြီး ချဉ်ငန်ဓာတ်ကွာခြားတတ်ပါတယ်။ 

ရေကိုဓာတ်ခွဲစစ်ဆေး

ရေဟာ အပင်တွေရှင်သန်ကြီးထွားဖို့၊ အသီးအနှံတွေ ကောင်းစွာထွက်ရှိဖို့အတွက် အထူးအရေးပါတဲ့ ကဏ္ဍက ပါဝင်ပါတယ်။ အသုံးပြုမယ့် ရေရဲ့အရည်အသွေးက စိုက်ပျိုးရေးလုပ်ငန်းရဲ့ အောင်မြင်မှု ဒါမှမဟုတ် ကျရှုံးမှုကို ဆုံးဖြတ်နိုင်တဲ့ အရေးကြီးဆုံး အချက်တွေထဲက တစ်ခုဖြစ်တဲ့အတွက် မိမိစိုက်ပျိုးရေးလုပ်ငန်းမှာ အသုံးပြုမယ့်ရေကို ဓာတ်ခွဲစစ်ဆေးခြင်း (water testing)ဟာ မဖြစ်မနေဆောင်ရွက်သင့်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ရေဓာတ်ခွဲ စစ်ဆေးခြင်းဟာ မမြင်နိုင်တဲ့ပြဿနာတွေကို ကြိုတင်ကာကွယ်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ ရေဓာတ်ခွဲစစ်ဆေးခြင်းဟာ အပင်တွေ ကျန်းမာစွာကြီးထွားဖို့၊ အထွက်နှုန်းကောင်းမွန်ဖို့နဲ့ ကုန်ကျစရိတ်တွေကို လျှော့ချနိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အဆင့်တစ်ခု ဖြစ်ပါတယ်။ ရေကို ဓာတ်ခွဲစစ်ဆေးခြင်းအားဖြင့် မိမိတို့ရဲ့ စိုက်ပျိုးရေး လုပ်ငန်းကို ပိုမိုထိရောက်အောင်၊ ရေရှည်တည်တံ့အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

စပျစ်စိုက်ပျိုးရေးဟာ ရာသီဥတုနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် များစွာမှီခိုနေရတဲ့ လုပ်ငန်း ဖြစ်ပါတယ်။ ဒီလုပ်ငန်းမှာ စပျစ်သီးကို အရည်အသွေးကောင်းကောင်းနဲ့ အထွက်နှုန်းများများရဖို့ အတွက် စပျစ်ပင်တွေကို စနစ်တကျပြုစုပျိုးထောင်ဖို့ အရေးကြီးပါတယ်။ အဲဒီလို ပြုစုပျိုးထောင်ခြင်းဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာမှာလည်း သွယ်ဝိုက်တဲ့နည်းအားဖြင့် အထောက်အကူပြုလျက် ရှိပါတယ်။ စပျစ်ပင်တွေဟာ သစ်ကိုင်းနွယ်ပင်တွေ ဖြစ်တာကြောင့် စနစ်တကျပြုစုပျိုးထောင်ခြင်းက သီးနှံအထွက်နှုန်းနဲ့ အရည်အသွေးအတွက် အလွန် အရေးပါပါတယ်။ စပျစ်စိုက်ပျိုးရာမှာ ဒေသ၊ ရေ၊ မြေ၊ ရာသီဥတုနဲ့ ရည်ရွယ်ချက် (စားသုံးရန်၊ ဝိုင် ပြုလုပ်ရန်) အပေါ်မူတည်ပြီး စိုက်ပျိုးနည်းစနစ်တွေ အများအပြားရှိပါတယ်။ စပျစ်စိုက်ပျိုးရာမှာ ပင်ထောင်စိုက်နည်း၊ ချုံပုတ်သဏ္ဌာန်စိုက်နည်း၊ ကြိုးတန်းတင်စိုက်နည်းနဲ့ စင်တင်စိုက်နည်းဆိုပြီး လေးမျိုးရှိပါတယ်။ မြန်မာနိုင်ငံမှာ စင်တင်စိုက်နည်းကို အများဆုံးအသုံးပြု စိုက်ပျိုးလျက်ရှိကြပါတယ်။
 
မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ မြေဆီလွှာအခြေ အနေဟာ စပျစ်စိုက်ပျိုးဖို့အတွက် အထူးသင့်လျော် တဲ့ နေရာတွေဖြစ်ပါတယ်။ ရှေးယခင်ကတည်းက စပျစ်သီးကို လတ်လတ်ဆတ်ဆတ်စားသုံးဖို့အတွက် စိုက်ပျိုးခဲ့ကြပြီး ဒီနေ့ခေတ်မှာတော့ ဝိုင်ထုတ်လုပ် ရေးလုပ်ငန်းတွေပါ ဖွံ့ဖြိုးလာတာနဲ့အမျှ စပျစ်စိုက်ပျိုးမှုဟာလည်း ပိုမိုကျယ်ပြန့်လာပါတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာ စပျစ်သီးကို အဓိကအားဖြင့် နေပြည်တော်၊ ကယားပြည်နယ်၊ ချင်း ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာ အများဆုံးစိုက်ပျိုးလျက်ရှိပါတယ်။ 

အထူးသဖြင့် မြန်မာနိုင်ငံရဲ့ တောင်တန်းဒေသ တွေနဲ့ အလယ်ပိုင်းခြောက်သွေ့ဇုန်ရှိ မြို့နယ်တွေ ဟာ စပျစ်စိုက်ပျိုးရေးမှာ ပိုမိုကျော်ကြားပါတယ်။ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်နဲ့ ပင်းတယ မြို့နယ်တို့ဟာ စပျစ်ခြံတွေကြောင့် နာမည်ကျော်ပြီး ဝိုင်ထုတ်လုပ်ရေးအတွက်ပါ စိုက်ပျိုးကြပါတယ်။ ချင်းပြည်နယ်မှာလည်း ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ ရိဒ်၊ တီးတိန်နဲ့ တွန်းဇံ စတဲ့မြို့နယ်တွေမှာ စိုက်ပျိုးတာကိုတွေ့ရပြီး အလယ်ပိုင်းဒေသဖြစ်တဲ့ မကွေးတိုင်းဒေသကြီး ပခုက္ကူနဲ့ ရေနံချောင်းမြို့နယ်တို့မှာလည်း စိုက်ပျိုးကြပါတယ်။ 

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်း မြို့နယ်၊ ကယားပြည်နယ် ဖရူဆိုမြို့နယ်တို့မှာလည်း စိုက်ပျိုးကြပါတယ်။ စပျစ်သီးကို မန္တလေးတိုင်းဒေသကြီးမှာ အဓိကစိုက်ပျိုးကြပြီး ရမည်းသင်း၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ မတ္တရာ၊ စဉ့်ကူးမြို့နယ်တွေမှာ စီးပွားဖြစ် စိုက်ပျိုးကြပါတယ်။ ဒီဒေသတွေမှာ စပျစ်သီးစားသုံးဖို့အတွက်ရော ဝိုင်ထုတ်လုပ်ဖို့အတွက်ပါ စိုက်ပျိုးကြပါတယ်။ အဲဒီကထွက်ရှိတဲ့ စပျစ်သီးတွေဟာ တစ်နိုင်ငံလုံးကို ဖြန့်ဖြူးပေးနေတာကြောင့် စီးပွားရေးအရ အဓိကကျတဲ့ဒေသတွေ ဖြစ်ပါတယ်။ 

အလယ်ပိုင်းဒေသတွေဟာ စပျစ်စိုက်ပျိုးဖို့ အတွက် အကောင်းဆုံးနေရာတွေဖြစ်

မြန်မာနိုင်ငံဟာ  ပထဝီအနေအထားအရ မုတ်သုံရာသီဥတုအမျိုးအစားကို ပိုင်ဆိုင်ထားပြီး အဓိကအားဖြင့် ပူပြင်းတဲ့နွေရာသီ၊ မိုးများတဲ့မိုးရာသီ နဲ့ အေးမြတဲ့ဆောင်းရာသီဆိုပြီး ရာသီဥတု သုံးမျိုး ကို တွေ့ကြုံခံစားရပါတယ်။ ဒီရာသီဥတုအမျိုးအစား တွေထဲကမှ မြန်မာနိုင်ငံရဲ့ အပူပိုင်းဒေသတွေဖြစ်တဲ့ အလယ်ပိုင်းဒေသတွေဟာ စပျစ်စိုက်ပျိုးဖို့အတွက် အကောင်းဆုံးနေရာတွေ ဖြစ်ပါတယ်။ စပျစ်ပင် တွေ ရှင်သန်ကြီးထွားဖို့အတွက် နေရောင်ခြည်နဲ့ ရေလိုအပ်ချက်က အရေးကြီးပါတယ်။ 

အပူပိုင်းဒေသတွေမှာ နေရောင်ခြည်ရရှိမှု များပြားပြီး စပျစ်ပင်ရဲ့ အစာချက်လုပ်မှုဖြစ်စဉ် (Photo- synthesis)ကို အားကောင်းစေပါတယ်။ နေရောင်ခြည်အလုံအလောက် ရရှိတဲ့အတွက် စပျစ်သီးမှာ သကြားဓာတ်ပါဝင်မှု ပိုမိုမြင့်မားစေပြီး အရသာက ပိုမိုချိုမြိန်လာပါတယ်။ ဒါကြောင့် အပူပိုင်းဒေသက စပျစ်သီးတွေဟာ အရသာ ပိုမိုကောင်းမွန်ပါတယ်။ မြန်မာနိုင်ငံရဲ့ အပူပိုင်း ဒေသတွေဟာ နေရောင်ခြည် အလုံအလောက်ရရှိမှု၊ ရေကို စနစ်တကျစီမံခန့်ခွဲနိုင်မှုနဲ့ ရောဂါကျရောက် နိုင်ခြေနည်းပါးမှု စတဲ့အားသာချက်တွေကြောင့် စပျစ်စိုက်ပျိုးဖို့အတွက် အကောင်းဆုံးနေရာတွေ ဖြစ်နေပါတယ်။ ဒါကြောင့်လည်း မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ၊ ရမည်းသင်းမြို့နယ်တွေလို မိုးနည်းရေရှားတဲ့ဒေသတွေမှာ စပျစ်စိုက်ပျိုးမှုက အောင်မြင်နေတာပဲ ဖြစ်ပါတယ်။

စပျစ်စိုက်ပျိုးခြင်းဟာ ကျေးလက်ဒေသ ဖွံ့ဖြိုး ရေးအတွက် အရေးပါတဲ့လုပ်ငန်းတစ်ခုဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရာမှာလည်း အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေတဲ့အတွက် ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးနည်းစနစ်တွေကို အသုံးပြုခြင်းဖြင့် စပျစ်သီးနှံဟာ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍပိုမိုတိုးတက်လာစေဖို့ အထောက် အကူပြုစေနိုင်ပါတယ်။ ဒါကြောင့် ကျေးလက်ဒေသတွေမှာ စပျစ်စိုက်ပျိုးထုတ်လုပ်မှု ပိုမိုတိုးတက်လာစေဖို့နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဦးတည်တဲ့ စိုက်ပျိုးနည်းစနစ်တွေကို လိုက်နာကျင့်သုံးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် အရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်လာပြီး သာယာပျော်ရွှင်တဲ့ လူမှုဘဝကို ဖန်တီးပေးနိုင်စေဖို့ ရည်ရွယ် ရေးသားလိုက်ရပါတယ်။  ။