မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည်။ နိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက် ဒေသများတွင်နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ် လုပ်ငန်းများနှင့်ဆက်နွှယ်သော လုပ်ငန်းများတွင် အများဆုံးလုပ်ကိုင်ကြသည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှသာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မား တိုးတက်လာပြီး နိုင်ငံ့ စီးပွားရေးကိုလည်း မြှင့်တင်ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။

 

လယ်ယာထုတ်ကုန်လုပ်ငန်းများအား မြှင့်တင်ဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ(Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူလူထု၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များကို ထိရောက်စွာမြှင့်တင် ဆောင်ရွက်ပေးရန်လိုအပ်သည်။ နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးသီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး၊ ပြည်ပပို့ကုန် ဈေးကွက်ဝင် သီးနှံများ ပိုမိုတင်ပို့နိုင်ရေးနှင့် အရည်အသွေးကောင်းမွန်ရေးတို့အတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Agriculture Practices-GAP) စံချိန်စံညွှန်းနှင့်အညီ တိုးတက် စိုက်ပျိုးထုတ်လုပ်နိုင်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

 

တောင်သူများ စိုက်ပျိုးသီးနှံထုတ်လုပ်ရာတွင် လွတ်လပ်စွာ စိုက်ပျိုးဆောင်ရွက်နိုင်စေရေး၊ သီးနှံစိုက်ပျိုး ထုတ်လုပ်ရာတွင် လိုအပ်သောအရင်းအနှီးငွေကြေးများ၊ နည်းပညာများကို အချိန်နှင့် တစ်ပြေးညီ ကူညီပံ့ပိုးပေးနိုင်ရေး၊ ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာများကို အရည်အသွေးမီ စနစ်တကျ သုံးစွဲနိုင်စေရေး၊ သီးနှံဈေးနှုန်း၊ ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များကို တောင်သူများထံသို့ အချိန်မီရောက်ရှိစေရေး၊ လယ်ယာထုတ်ကုန်များကို သင့်တင့်မျှတသော ဈေးနှုန်းရရှိစေရေး၊ ကုန်သွယ်ဖက်နိုင်ငံများမှ တင်သွင်းခွင့်ခွဲတမ်းများ စဉ်ဆက်မပြတ်ရရှိစေရေး၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများက ပေါင်းစပ်ညှိနှိုင်း ပံ့ပိုးကူညီပေးရေးတို့ကို ဆောင်ရွက်ပေးရန်လိုအပ်သည်။

 

လယ်ယာထွက်ကုန်များ မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် စက်တင်ဘာ ၂၄ ရက်က ကျင်းပ ပြုလုပ်သော “မြန်မာ့လယ်ယာထွက်ကုန်များ တန်ဖိုးကွင်းဆက်ထောက်ပံ့ရေး မဲခေါင်-လန်ချန်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်၍ စိုက်ပျိုးရေးဆိုင်ရာကုန်သွယ်မှု လွယ်ကူချောမွေ့မှု  မြှင့်တင်ခြင်း စီမံကိန်း” ၏ သုတေသနရလဒ်များ မျှဝေခြင်းနှင့် စီမံကိန်းပြီးမြောက်ခြင်း အခမ်းအနားသည် တောင်သူများအတွက် အထောက်အပံ့ကောင်း တစ်ရပ်ဖြစ်သည်။ နိုင်ငံတော်ကချမှတ်ထားသည့် ပို့ကုန် နှစ်ဆမြှင့်တင်ရေး လမ်းညွှန်ချက်နှင့်အညီ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုမြှင့်တင် ခြင်းစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ပို့ကုန်အလားအလာအရှိဆုံး သီးနှံများဖြစ်သည့် ဆန်စပါး၊ အစေ့ထုတ်ပြောင်း၊ ပဲပုပ်၊ ပဲတီစိမ်း၊ ဖရဲ၊ ရေထွက်ကုန်ပစ္စည်းများကို သုတေသနပြု လေ့လာ ဆောင်ရွက်မည်ဖြစ်သည်။

 

ပြည်ပသို့ စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ရောင်းချရာတွင် ပန်းတိုင်အထွက် နှုန်းပြည့်မီရေး၊ သီးနှံအရည်အသွေး ပြည့်မီရေးနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းများ ကင်းစင်ရေးသည် အရေးတကြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်သည်။ လတ်တလောတွင် ပြည်ပသို့ လယ်ယာထွက်ကုန်များ တင်ပို့ ရောင်းချရာတွင် ပိုးသတ်ဆေးဓာတ်ကြွင်းများ ပါဝင်မှုကြောင့် ဈေးကွက်အဟန့်အတား ဖြစ်စေသည့် ဖြစ်စဉ်များရှိခဲ့သည်။ စိုက်ပျိုးရေးထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေး နှင့် ပြည်တွင်းစားသုံးသူများ အစားအစာ ဘေးကင်းလုံခြုံရေးသည် အရေးအကြီးဆုံး အချက်ဖြစ်သည်။ ပြည်ပလယ်ယာထွက်ကုန် ပို့ကုန်များနှင့်ပတ်သက်၍ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ စစ်ဆေး အကဲဖြတ်သောကြောင့် အရည်အသွေးမမီမှုကို အလွယ်တကူသိရှိနိုင်ပြီး ပို့ကုန်ဈေးကွက်တွင် အခက်အခဲဖြစ်စေသည်။

 

လယ်ယာထွက်ကုန်များ မြှင့်တင်ထုတ်လုပ်ရေးနှင့် တင်ပို့ရောင်းချရေးအတွက် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးကို ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်သလိုတစ်ဖက်တွင် ပြည်ပ ဈေးကွက်တွင် အဆင်ပြေချောမွေ့စေရေးနှင့် သီးနှံများတွင် စားသုံးသူများအတွက် အန္တရာယ်ဖြစ်စေသော ပိုးသတ်ဆေးဓာတ်ကြွင်း များပါဝင်နေမှုတို့ကို ဒွန်တွဲတွေ့ရှိလာရသည့်အတွက် ပိုးသတ်ဆေးဓာတ်ကြွင်းများ လျော့ကျကင်းစင်လာစေရေး အထူးအလေးထား ဆောင်ရွက်သွားရမည်  ဖြစ်သည်။ စိုက်ပျိုးရေးဝန်ထမ်းများ၊ ပိုးသတ်ဆေးရောင်းချသည့်ကုမ္ပဏီများ၊ ပို့ကုန်လိုင်စင်ရ ကုမ္ပဏီများနှင့် စိုက်ပျိုးရေးပညာရှင်များက အလေးထားဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

သို့ဖြစ်ရာ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ(Agro-based Industries) ဖွံ့ဖြိုး တိုးတက်မှုမှသည် နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် စိုက်ပျိုးရေးထုတ်ကုန်များကို နှစ်ဆမြှင့်တင် ဆောင်ရွက်နိုင်ရန် နိုင်ငံတကာက သတ်မှတ်ထားသောစံချိန်စံညွှန်းများနှင့်အညီ ဈေးကွက်သုတေသန လုပ်ငန်းများမှ တွေ့ရှိချက်များကို ထိရောက်စွာအသုံးချ၍ စိုက်ပျိုးရေး ထုတ်ကုန်များ နှစ်ဆတိုးထုတ်လုပ်ပြီး စိုက်ပျိုးရေးဆိုင်ရာကုန်သွယ်မှုလွယ်ကူချောမွေ့မှုရှိအောင် မြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။