၂၄  စက်တင်ဘာ

မျက်မှောက်ကာလ၌ လူအများသည် ဆိုရှယ်မီဒီယာလောကတွင် နေ့စဉ် အမြဲကျင်လည်နေကြသည်။ ဆိုရှယ်မီဒီယာလောကဟု ဆိုရာ၌ သတင်းအချက်အလက်နှင့် နည်းပညာများကို အသုံးပြုသည့် မီဒီယာလောကနယ်ပယ်သာမက လူအချင်းချင်း အရုပ်၊ အသံ၊ စာဖြင့် သတင်းစကားပါးနည်း အမျိုးမျိုးတို့လည်း ပါဝင်သည်။ မီဒီယာဟူသည် ကြားခံပစ္စည်းတစ်ခုဖြစ်ပြီး လူတန်းစားအားလုံး တစ်တန်းတစ်စားတည်း ဆက်ဆံနိုင်သော မီဒီယာမှာ ဆိုရှယ်မီဒီယာဖြစ်သည်။

ဆိုရှယ်မီဒီယာတွင် မိုဘိုင်းဖုန်းကိုအသုံးပြု၍ မည်သည့်နေရာတွင် မည်သူနှင့်မဆို ချိတ်ဆက်မျှဝေနိုင်သည့် စွမ်းအားများကို ဖေ့စ်ဘွတ်က စမ်းဆောင်ပေးလျက်ရှိသည်။ ဖေ့စ်ဘွတ်ပေါ်တွင် ပြောကြဆိုကြသော စကားများ၊ မျှဝေကြသော ထင်မြင်ချက်များသည် ဖေ့စ်ဘွတ်သုံးစွဲသူများ၏ စုံလင်လှသော ထင်ဟပ်ချက်များဖြစ်သည်။ မျက်မှောက်ကာလ၌ လူတိုင်းလူတိုင်း ဖေ့စ်ဘွတ်ကို တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြ၍ မည်သည့်အချက်အလက်များမှာ အကောင်း၊ မည်သည့်အချက်မှာ မကောင်းဟူသည်တို့ကို မြော်တွေး၊ စဉ်းစား၊ ချင့်ချိန်၊ ဆင်ခြင်အသုံးပြုတတ်ရန် လိုအပ်ပါသည်။

အကြောင်းမှာ ဆိုရှယ်မီဒီယာတွင် ခေတ်အစားဆုံးဖြစ်သည့် ဖေ့စ်ဘွတ်သည် လူတန်းစားအားလုံးကို တစ်တန်းတစ်စားတည်း ဆက်ဆံနိုင်ရန် ဖန်တီးထားခြင်းဖြစ်၍ လူတန်းစားမခွဲခြင်းတည်းဟူသော မွန်မြတ်သော သဘောတရားကို သိရှိနားလည်ထားပြီး လူတန်စားမခွဲခြင်းဟူသည် လူ့အခွင့်အရေးဆိုင်ရာစံနှုန်းများကို လေးစားလိုက်နာဖို့လိုမည် ဖြစ်သည်။ သို့သော် လူဟူသည့်သဘောသဘာဝအရ စိတ်ခံစားမှုကို ဦးစားပေးတတ်ကြလွန်းသည်ဖြစ်၍ မိမိနှင့်အမြင်မတူသည်နှင့် လူလူချင်း စာနာထောက်ထားခြင်းတို့ ကင်းမဲ့လာတတ်ပါသည်။

လူမှုကွန်ရက်တွင် လူသားအားလုံး တစ်တန်းတစ်စားတည်း ဆက်ဆံရာ၌ မွန်မြတ်သောစိတ်ထားဖြင့် ပေါင်းသင်းဆက်ဆံကြပါလျှင် လူ့ဘောင်လောကကြီးတစ်ခုလုံး သာယာလှပနေမည်ဖြစ်သည်။ သို့သော် စိတ်အထိအခိုက်မခံခြင်း၊ မည်သူမှန်းမသိသည့် လူအချင်းချင်း ဆက်ဆံနေသည်ကို ခုတုံးလုပ်အသုံးချခြင်း၊ မသိခြင်းဟူသည့် အားနည်းမှုကို အကြောင်းပြု၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် အမြတ်ထုတ်မှုများကို သတိပြုရမည်ဖြစ်သည်။

တိုးတက်လာသော နည်းပညာခေတ်တွင် လူတိုင်းလူတိုင်း၏ အချက်အလက်လုံခြုံရေး၊ ကိုယ်ပိုင်အခွင့်အရေး များကို ကာကွယ်ရေးအတွက် လူမှုကွန်ရက်ဆိုင်ရာ စံနှုန်းများနှင့် အသိပညာများကို သိရှိနားလည်ထားရမည် ဖြစ်သည်။ လူမှုကွန်ရက်ပေါ်တွင် အနိုင်ကျင့်ခြိမ်းခြောက်မှုများ၊ မှုခင်းဖြစ်စဉ်များ၊ ကိုယ်ရေးအချက်အလက်နှင့် ဓာတ်ပုံများကိုရယူ၍ ချောက်တွန်းမှု၊ စော်ကားအနိုင်ကျင့်မှုများနှင့် ပတ်သက်၍ ကာကွယ်နိုင်မည့် နည်းလမ်းများ၊ သတိပြုရမည့်အချက်များနှင့် အသုံးပြုမှုဆိုင်ရာစံနှုန်းများကို သိရှိနားလည်ထားရန် လိုအပ်သည်။

လူမှုကွန်ရက်၌ အထူးသဖြင့် ဖေ့စ်ဘွတ်နှင့်စပ်လျဉ်း၍ အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှု၊ မိမိကိုယ်မိမိ ထိခိုက်စေမှု၊ အနိုင်ကျင့်မှု၊ နှောက်ယှက်မှု၊ အမုန်းစကားပြောဆိုမှု၊ ကြိုတင်အသိမပေးမှု၊ ညစ်ညမ်းမှု၊ သဘောတူညီမှုမရယူမှု၊ ခွင့်ပြုချက်မတောင်းမှု၊ ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်မှု၊ အချက်အလက်ခိုးယူမှု၊ ရိုင်းစိုင်းမှု၊ မလုံခြုံမှု စသည်တို့နှင့် ပတ်သက်၍ ဗဟုသုတများရှိရမည် ဖြစ်သည်။

သို့ဖြစ်ရာ လူအချင်းချင်း လွတ်လပ်စွာထိတွေ့ဆက်ဆ့ဖလှယ်လျက်ရှိသော ဆိုရှယ်မီဒီယာလောကကြီးပေါ်တွင် အသိအမြင်နှင့် ချစ်ကြည်ရင်းနှီးမှုများကို တိုးပွားလာသကဲ့သို့ အနိုင်ကျင့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ များပြားလာသည်ကို ကြုံတွေ့ကြားသိနေကြပြီဖြစ်ရာ ယင်းတို့ကို ကာကွယ်နိ်ုငရန်အတွက် လူမှုကွန်ရက်ဆိုင်ရာ ပြဋ္ဌာန်းချက်များကို သိရှိထားရန် လိုအပ်ပါကြောင်း။

ကြေးမုံ