ဝင်းထွဋ်ဦး
အရင်တုန်းက လူငယ်တွေ၊ ကျောင်းသားအရွယ်လေးတွေကို မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ပြောပြခဲ့ဖူးပါတယ်။ အဓိကက ဆေးလိပ်သောက်တာ လုံးဝရှောင်သင့်တယ်ဆိုတာပါ။ ဆေးလိပ်သောက်ရင် လူ့သက်တမ်းတိုစေတယ်၊ ကင်ဆာရောဂါတွေဖြစ်စေတယ် စတဲ့ဆိုးကျိုးတွေပဲရနိုင်တယ်။ ဆေးလိပ်သောက်တဲ့ အကျင့်ကို လုံးဝအစမလုပ်ပါနဲ့၊ ငြင်းပယ်သင့်တယ်ဆိုတာကို အကြိမ်ကြိမ်ပြောခဲ့တယ်။ ကျောင်းစာပေ ဟောပြောပွဲမှာလည်း ထည့်ပြောပြခဲ့တယ်။ အတန်းလစ်ပြီး ကျောင်းပြင်ပမှာ ဆေးလိပ်စီးကရက်လေး လက်ကြားညှပ်ပြီး စတိုင်ထုတ်ကြတဲ့ကလေးတွေ ဆေးလိပ်ရဲ့ဆိုးကျိုးကို သိသွားတယ်။ သိလို့ရှောင်သွားကြတယ်။
အခုလက်ရှိမှာက ကျောင်းသားအရွယ် လူငယ်လေးတွေရဲ့ စတိုင်ထုတ်ပုံ ပြောင်းသွားကြပါတယ်။ လက်ကြားမှာ စီးကရက်လေးနဲ့ဆိုတာ မဟုတ်တော့ပါဘူး။ လည်ပင်းကြိုးဆွဲလေးနဲ့ သေးသွယ်လှပတဲ့ Vape Pen လေးက အစားထိုး နေရာယူနေပါပြီ။ အရောင်မျိုးစုံတွေ၊ ပုံစံအမျိုးမျိုးနဲ့ လာတဲ့ Vape Device လေးတွေက သူတို့လေးတွေ အတွက် သပ်ရပ်ကြော့မော့ စတိုင်ကျနေတယ်လို့ ထင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အနံ့အရသာမျိုးစုံနဲ့ ဆွဲဆောင်ထားတဲ့အတွက် အခုနောက်ပိုင်းမှာ သုံးစွဲသူလူငယ်တွေ၊ ကျောင်းသားတွေ သိသိသာသာ တိုးလာပါတယ်။ လူငယ်တွေဟာ ပုံမှန်ဆေးလိပ်စီးကရက်ထက် Vape ကို ပိုပြီးနှစ်သက်လာကြတယ်။ အကြောင်းကတော့ Vape ဟာ ဆေးလိပ်ထက် ပိုပြီးအန္တရာယ်နည်းတယ်လို့ မှားယွင်းစွာ ယုံကြည်နေကြလို့ပဲဖြစ်ပါတယ်။ အမှန်တကယ်က Vape ရဲ့ အန္တရာယ်ဟာ ကြီးမားပါတယ်။ ဆေးလိပ်ထက်တောင် အန္တရာယ်ရှိပြီး Vape သုံးစွဲမှုရဲ့ဆိုးကျိုးတွေ များလွန်းပါတယ်။ Vape လုပ်တယ်ဆိုတာ E-cigarette ကထွက်တဲ့ အငွေ့တွေရှူရှိုက်တာကို ခေါ်ပါတယ်။ Vaping ဆိုတာက E-cigarette နဲ့ Vape Pen အစရှိတဲ့ လက်ကိုင်ကိရိယာတစ်ခုခုထဲကို ဓာတုရည် (E-liquid) ထည့်ပြီး အပူပေးလိုက်တယ်၊ အပူပေးလို့ရလာတဲ့ အငွေ့ကိုရှူရှိုက်တာ ဖြစ်ပါတယ်။
စီးကရက်ဆေးလိပ်တို့ သောက်တာဟာ ဆေးရွက်ကြီး (tobacco) ကို မီးရှို့ပြီးရတဲ့အငွေ့ကို ရှူရှိုက်တာပါ။ Vaping ကတော့ E-liquid အငွေ့ကို ရှူသွင်းတာဖြစ်တယ်။ E-cigarette (Electronic Cigarette)တို့၊ (Vape Pen)တို့ ဆိုတာက E-liquid အရည်ကို အပူပေးပြီး ရှူရှိုက်သွင်းဖို့ အသုံးပြုတဲ့ ကိရိယာတစ်ခု ဖြစ်တယ်။ E-liquid ကို E-cigarette Vape Pen ထဲထည့်ပြီး အငွေ့ရှူကြတယ်။ E-liquid မှာ ရေငွေ့၊ အရသာရှိစေတဲ့အရာ (Flavoring)၊ စွဲလမ်းတတ်တာအပြင် ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ နီကိုတင်းဓာတ် (Nicotine)နဲ့ အငွေ့အဖြစ်ပြောင်းလဲ ဖို့သုံးတဲ့ Propylene glycol glycerin (အလှဆီ)တို့ ပါဝင်ပါတယ်။ E-cigarette နဲ့ Vape Pen တွေက ထွက်တဲ့အငွေ့တွေမှာ လူကိုအန္တရာယ်ပေးစေတဲ့ ဓာတုပစ္စည်းပေါင်း ၄၀၀၀ ကျော်ပါဝင်ပြီး ကင်ဆာ ဖြစ်စေတဲ့ ပစ္စည်း ၄၀ ကျော် ပါဝင်နေပါတယ်။ အဲဒီဓာတ်ပစ္စည်းတွေက နှလုံးနဲ့သွေးလှည့်ပတ်မှုကို ထိခိုက်စေပါတယ်။ အဆုတ်ကိုထိခိုက်စေတယ်။ သွားနဲ့ခံတွင်းကိုလည်း ပျက်စီးစေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။
အဲဒီဓာတုပစ္စည်းတွေကို မီးနဲ့အပူပေးလိုက်တဲ့ အခါမှာ ဓာတ်ပြုကြပြီး Formaldehyde တွေ ထွက်လာပါတယ်။ ထွက်လာတဲ့အထဲက တချို့ဟာ အဆိပ်အတောက်ဖြစ်စေပြီး ကင်ဆာရောဂါအထိ ဖြစ်စေနိုင်ပါတယ်။ E-cigarette နဲ့ Vape Pen တွေမှာပါတဲ့ နီကိုတင်းဟာ သာမန်ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်းထက် ပိုမိုသန့်စင်အောင် ပြုလုပ်ထားပြီး ထုတ်ထားတာဖြစ်ပါတယ်။ နီကိုတင်းပါဝင်မှု ပိုများတာကြောင့် Vape ရှူလိုက်ရင် အသက်ရှူလမ်းကြောင်းထဲဝင်သွားတဲ့ နီကိုတင်းပမာဏဟာ သာမန်ဆေးလိပ်တစ်လိပ်ကို ရှူလိုက်လို့ ဝင်လာတဲ့ ပမာဏထက်ပိုများတာ သေချာနေပါတယ်။ ဒါ့ကြောင့် သွေးတိုးရောဂါ၊ နှလုံးသွေးကြော ကျဉ်းရောဂါတွေ ဖြစ်စေတဲ့အပြင် လေဖြတ်တာ၊ ခြေလက်တွေ သွေးကြောပိတ်ပြီး ပုပ်တာ၊ ဦးနှောက်နဲ့ အာရုံကြောတွေ ထိခိုက်တာ၊ ဆီးချိုသွေးချိုဖြစ်တာ၊ ဟော်မုန်းတွေ ပုံမှန်မဖြစ်တော့တာ၊ အရိုးတွေပွတာ၊ ကြွက်သားတွေနာကျင်တာနဲ့ အသက်တိုစေတာ စတဲ့နီကိုတင်းကြောင့်ဖြစ်ရတဲ့ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေကို ခံစားရမှာဖြစ်တယ်။
နီကိုတင်းအပြင် အနံ့အရသာ မျိုးစုံပါနေတယ်။ အဲဒါတွေကိုလည်း ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထား တဲ့အတွက် ခန္ဓာကိုယ်တစ်ခုလုံးကို oxidation ဓာတ်တိုးစေပြီး အသားအရေ ရောင်ရမ်းတာ၊ ဖူးရောင်တာတွေဖြစ်စေတယ်။ အာခေါင်ခြောက်တာ၊ ချောင်းဆိုးတာကစလို့ အသက်ရှူလမ်းကြောင်းကို လည်း ထိခိုက်ပျက်စီးစေပါတယ်။ Vaping တစ်ခါ တစ်ရှိုက်ရှူလိုက်ရုံနဲ့ နှလုံးခုန်နှုန်းတက်လာတယ်၊ သွေးပေါင်အနည်းငယ်တက်တယ်။ ဒါဟာ တစ်ကြိမ် တစ်ခါပဲ ရှိပါသေးတယ်။ ဆေးလိပ်တစ်လိပ်ကို ၇-၈ ကြိမ်လောက် ရှူလိုက်ရင် ကုန်ဆုံးသွားနိုင်ပေမယ့် E- cigarette တစ်လိပ်၊ Vape Pen တစ်ခုက Vaping အကြိမ် ၃၅၀ အထိ ရှူရှိုက်နိုင်ပါတယ်။ အကြိမ်ရေများလေလေ ရောဂါတွေရဖို့ များလေလေဖြစ်တယ်။ ရှူရှိုက်တဲ့အကြိမ်များလာရင်၊ သုံးစွဲတဲ့ ကာလကြာလာရင် နှလုံးရောဂါ၊ နှလုံးသွေးကြော ကျဉ်းရောဂါ၊ သွေးတိုးရောဂါတွေအပြင် လေဖြတ် ရောဂါတွေဖြစ်ဖို့ ရာနှုန်းများပါတယ်။ ဓာတုပစ္စည်းတွေ မီးရှို့ရာက ထွက်လာတာကို ရှူရှိုက်လိုက်တာ ဖြစ်လို့ အဆုတ်ကို ထိခိုက်စေပါတယ်။ အဆုတ်ကို တိုက်ရိုက်ဖျက်ဆီးပါတယ်။ ဓာတ်မှန်ရိုက်ကြည့်မှ အဆုတ်မှာ အဖြူရောင်အလုံးတွေ တွေ့ရလေ့ရှိပါတယ်။ လေပြွန်တွေရောင်ရမ်းပြီး အဆုတ်မှာ ပြန်မကောင်းနိုင်တော့တဲ့ ပေါက်ပေါက်ဆုပ်လို အမာရွတ်တွေ ဖြစ်တတ်ပါတယ်။ ကြောက်စရာအကောင်းဆုံး အနေအထားလို့တောင် ပြောနိုင်တယ်။
Vape ကြောင့် အဆုတ်ထိခိုက်ပြီး EVALI ဖြစ်ပွားသူတွေရှိနေသလို အသက်ဆုံးရှုံးခဲ့ရတဲ့ သူတွေလည်း ရှိခဲ့တယ်ဆိုတာကို မှတ်တမ်းတွေမှာ တွေ့ရတယ်။ အခုလို အန္တရာယ်တွေများလွန်းနေလို့ အိန္ဒိယ၊ ဂျပန်၊ စင်ကာပူနဲ့ မက္ကဆီကို အစရှိတဲ့ နိုင်ငံ တွေမှာ Vape သုံးစွဲတာ၊ E-cigarette သောက်သုံး တာကို ပြင်းထန်စွာ တားမြစ်ကန့်သတ်ထားပါတယ်။ ကျန်တဲ့ကမ္ဘာတစ်ဝန်းက နိုင်ငံတွေမှာလည်း တားမြစ်မှု လုပ်ဆောင်ဖို့ အစီအစဉ်တွေချမှတ်ပြီး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ Vape ကနေ ထွက်တဲ့ Vapor (ရေငွေ့)ကို ရှူရှိုက်ကြတာဖြစ်တယ်။ မီးခိုးငွေ့မဟုတ်လို့ အန္တရာယ်မဖြစ်ပါဘူးလို့ အထင် မှားနေကြတယ်။ ဆေးလိပ်လုံးဝ မသောက်ဖူးတဲ့ လူငယ်တွေက E- cigarette ကို အန္တရာယ်ကင်းတယ်ထင်ပြီး သုံးနေကြတယ်။ Vaping ဆိုတာက ဆေးလိပ်သောက်တာနဲ့ အတူတူပါပဲ၊ အဆုတ်ကို အန္တရာယ်ပေးနိုင်တယ်ဆိုတာ သိဖို့လိုပါတယ်။ နားလည်ဖို့အရေးကြီးပါတယ်။ စီးကရက်သောက်တဲ့သူ မှုတ်ထုတ်လိုက်တဲ့ အငွေ့တွေကို ရှူလိုက်ရတဲ့ သူဟာ ဆေးလိပ်မသောက်ဘဲနဲ့ ဆေးလိပ်သောက်တဲ့သူနဲ့တန်းတူ ရောဂါရစေပါတယ်။ ဒီလိုပါပဲ Vape ရှိုက်တဲ့သူတွေဆီကထွက်လာတဲ့ Vapor ကို ရှူမိတဲ့ သူတွေဟာလည်း Vape ရှိုက်တဲ့သူတွေနီးပါးကို အန္တရာယ်ဖြစ်ပါတယ်။
E-cigarette ကို စတင်ထုတ်လုပ်ခဲ့တဲ့ ပထမဦး ဆုံးရည်ရွယ်ချက်က ဆေးလိပ်သောက်သူတွေ ဆေးလိပ်ဖြတ်ရာမှာ အစားထိုးအသုံးပြုနိုင်ဖို့ ထုတ်ခဲ့တာပါ။ တဖြည်းဖြည်းနဲ့ အခုဆိုရင် E-cigarette တို့၊ Vape Pen တို့ဟာ လည်ပင်းဆွဲပြီး စတိုင်ထုတ်ရင်း Vape သောက်နေကြတဲ့ ဆယ်ကျော်သက်တွေနဲ့ လူငယ်လူရွယ်တွေအတွက် ဖြစ်လို့နေပါတယ်။ အခုလူငယ်တွေနဲ့ လူလတ်ပိုင်းတွေကြား ထဲမှာ E-cigarette၊ Vape Pen သောက်တာဟာ ခေတ်စားလာတာကတော့ အမှန်ပဲဖြစ်နေပါတယ်။ ဆေးလိပ်လုံးဝမသောက်ဖူးတဲ့ လူငယ်တွေရော စီးကရက်သောက်နေဆဲ လူငယ်တွေပါ E-cigarette ကို အန္တရာယ်ကင်းတယ်လို့ အထင်မှားပြီး သုံးနေကြ လို့ သုံးစွဲတဲ့လူငယ်တွေ များလာပါတယ်။ အမှန်က သူ့မှာပါဝင်တဲ့ နီကိုတင်းဟာ စွဲလမ်းစေလို့ လူငယ် တွေကြားမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာဖြစ်တယ်။ အစလုပ်ကြည့်၊ စမ်းကြည့်ရင်းနဲ့ Vaping လုပ်ရတာကို နှစ်သက်သဘောကျ စွဲလမ်းသွားရတာပါ။ ဒီလိုဖြစ်လာရင် အနာဂတ်မျိုးဆက် သစ်လူငယ်တွေအတွက် အင်မတန်မှရင်လေးစရာဖြစ်ပါတယ်။ အဲဒါကြောင့်ကျောင်းသားအရွယ် လူငယ်လေးတွေရော ကျောင်းပြင်ရောက် လူငယ်လူရွယ်လေးတွေကိုပါ ပြောချင်တာက ဆေးလိပ် ဖြတ်ဖို့ Vape သောက်တာ၊ ခေတ်မီချင်လို့ Vape သောက်တာ၊ ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ Vape ဟာ မသောက်သင့်တဲ့အရာဖြစ်တယ်။ Vaping မလုပ်ကြပါနဲ့။ စီးကရက် ဆေးလိပ်တို့လိုပါပဲ၊ ခပ်ဝေးဝေးကနေ လုံးဝကို ရှောင်သင့်တဲ့အရာ ဖြစ်ပါတယ်။ အန္တရာယ်များလွန်းပါတယ်လို့ ပြောပါ ရစေ။ ။
ကိုးကား
- အင်တာနက်သတင်းများ၊
- ကျန်းမာရေးဆောင်းပါးများ၊


