ဝါရှင်တန် စက်တင်ဘာ ၉

အနာဂတ်ကာလ လူသားများအင်္ဂါဂြိုဟ်ပေါ်ရှာဖွေရာတွင်အထောက်အကူပြုရန်     ပုံစံတူလေ့ကျင့်မှု တစ်စိတ်တစ်ဒေသအနေဖြင့် စေတနာ့ဝန်ထမ်း လေးဦးသည်  အမေရိကန်ပြည်ထောင်စု  တက္ကဆက်ပြည်နယ် ဟူစတန်ရှိ နာဆာ၏ ဂျွန်ဆင်အာကာသစခန်းရှိ  သုံးဖက်မြင်ရုပ်ကြွနေအိမ်ပုံစံထဲ၌  တစ်နှစ်တာနေထိုင်သွားမည်ဖြစ်ကြောင်း နာဆာက စက်တင်ဘာ ၈ ရက်တွင် ပြောကြားလိုက်သည်။

ရော့စ်အယ်လ်ဒါ၊ အယ်လန်အဲလစ်၊ မက်သရူး မွန်ဂိုမာရီနှင့်   ဂျိမ်းစပိုင်ဆာတို့သည်   စတုရန်းပေ ၁၇၀၀   (စတုရန်းမီတာ ၁၅၈)  ရှိကာ  မားစ်ဒွန်း အယ်လ်ဖာဟု  အမည်ပေးထားသော သုံးဖက်မြင် ရုပ်ကြွနေအိမ်ပုံစံထဲတွင်  ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၉ ရက်မှစပြီး ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင်ပြီးဆုံးမည့် ၎င်းတို့၏ ၃၇၈   ရက်တာကာလကို  ဖြတ်သန်းကုန်ဆုံးသွားမည်ဖြစ်သည်။

ပုံစံတူ လေ့ကျင့်မှုများဖြင့် စမ်းသပ်လုပ်ဆောင် နေစဉ်အတွင်း ၎င်းတို့လေးဦးသည် သဘာဝအရင်းအမြစ် ကန့်သတ်ချက်များကြုံတွေ့ခြင်း၊ စနစ်ချွတ်ယွင်းခြင်း၊  ဆက်သွယ်မှုနှောင့်နှေးကြန့်ကြာခြင်း၊  သီးခြားရပ်တည်နေထိုင်ခြင်း၊ ကန့်သတ်ချုပ်ချယ်ထားခြင်း၊ ပြင်းထန်မှုမြင့်မားသော လှုပ်ရှားမှုများကို ပုံဖော်ထားသည့်လှုပ်ရှားမှုများ ရင်ဆိုင်ကြုံတွေ့ခြင်း အစရှိသည့် ခက်ခဲကြမ်းတမ်းမှုမြောက်မြားစွာနှင့်  စိန်ခေါ်မှုပေါင်း မြောက်မြားစွာကို ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်သည်။

အဆိုပါဖြစ်စဉ်များသည် နာဆာမှ အန္တရာယ်များကို  အကဲဖြတ်ရန်နှင့် ရေရှည်အာကာသစူးစမ်းလေ့လာခြင်းအတွက် မဟာဗျူဟာများဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရာတွင် ကူညီပေးနိုင်ရန်   ပုံဖော်ထားခြင်းဖြစ်သည်။

အဆိုပါစမ်းသပ်လုပ်ဆောင်မှုသည် ပါဝင်သူများသည် အင်္ဂါဂြိုဟ်ပေါ်တွင်လမ်းလျှာက်သကဲ့သို့ တုပ လုပ်ဆောင်ခြင်း၊ ဟင်းသီးဟင်းရွက်ဥယျာဉ်စိုက်ပျိုးခြင်း၊ စက်ပိုင်းဆိုင်ရာလည်ပတ်မှုများလုပ်ဆောင် ခြင်း၊ အင်္ဂါဂြိုဟ်အတွက် သင့်တော်မည့် နည်းပညာများ စမ်းသပ်ခြင်းများ ကဲ့သို့သော  သိပ္ပံနည်းကျ လေ့လာမှုများကို လုပ်ဆောင်ရမည်ဖြစ်သည့်အပြင် သောက်သုံးနိုင်သော ရေသန့်စက်ငယ်ယူဆောင် နိုင်ခြင်းနှင့် ရောဂါရှာဖွေရေးဆေးဘက်ဆိုင်ရာပစ္စည်းများ သယ်ဆောင်နိုင်ခြင်းတို့ကဲ့သို့သော အာကာသစူးစမ်းလေ့လာမှုများကိုလည်း နက်နက်နဲနဲလုပ်ဆောင်သွားမည်ဟု ဆိုသည်။

ဆင်ဟွာ