နေပြည်တော် စက်တင်ဘာ ၂
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ် နယ်မြေ (၈) ဥယျာဉ်စုအုပ်စု ဦးကျေးရပ်ကွက်တွင် လူသတ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် တရားခံအား ပျဉ်းမနားခရိုင်တရားရုံးက သေဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ် နယ်မြေ (၈) ဥယျာဉ်စုအုပ်စု ဦးကျေးရပ်ကွက်တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၇ ရက်က နေမျိုးထိုက်အား ဂျပ်စ်ပဲရိုး (ခ) ကျော်သိန်း (ခ) ဇော်ဇော်လတ်နှင့် အောင်အောင် (ခ) အောင်ကြီးတို့က ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့သဖြင့် နေမျိုးထိုက် သေဆုံးသည့်အမှုဖြစ်ပွားခဲ့သည်။
ယင်းအမှုအား မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားစွဲဆိုတင်ပို့ခဲ့ရာ ပျဉ်းမနားခရိုင်တရားရုံးက ရာဇဝတ်အထွေထွေမှုအမှတ် ၃/၂၀၂၅ ဖြင့် တရားခံပြေး ဂျပ်စ်ပဲရိုး (ခ) ကျော်သိန်း (ခ) ဇော်ဇော်လတ်အား ရာဇသတ်ကြီးပုဒ်မ ၃၀၂/ကျင့် ၅၁၂ အရ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇၊ ၈၈ ထုတ်ဆင့်ဆောင်ရွက်ခဲ့ပြီး ရာဇဝတ်ကြီးမှုအမှတ် ၁၅/၂၀၂၅ ဖြင့် တရားခံ အောင်အောင် (ခ) အောင်ကြီးအပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ခ) / ၃၄ အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ပျဉ်းမနားခရိုင်တရားရုံးက ယနေ့တွင် သေဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


