တိုကျို စက်တင်ဘာ ၁၀
ဂျပန်နိုင်ငံ၏ လယ်ယာမြေ သုံးပုံတစ်ပုံနီးပါးတွင် လာမည့် ၁၀ နှစ်အတွင်း ကောက်ပဲသီးနှံစိုက်ပျိုးမည့်လူ နည်းပါးလာမည်ဟု ဂျပန်စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောသည်။
ကျေးလက်ဒေသများတွင် လူဦးရေကျဆင်းလာပြီး အသက်အရွယ်ကြီးရင့်သော လုပ်သားအင်အား တိုးလာသည့် အတွက် ယခုလိုအချက်ပေးသည့် ခန့်မှန်းချက်ပေါ်ထွက်လာခြင်းဖြစ်သည်။ ဂျပန်နိုင်ငံတစ်ဝန်း မြေယာအသုံးချမှုဆိုင်ရာ စစ်တမ်းများအပေါ်အခြေခံ၍ စိုက်ပျိုးရေးဝန်ကြီးဌာန သည် ယခုသီတင်းပတ်အစောပိုင်းတွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။
အဆိုပါစစ်တမ်းအရ ၁၀ နှစ်ကျော်အတွင်း လယ်ယာမြေ ဟက်တာ ၁ ဒသမ ၃ သန်းကျော်မှာ ကောက်ပဲသီးနှံစိုက်ပျိုးရိတ်သိမ်းမည့် လုပ်သားအင်အားပြတ်လပ်မည်ကို ပြသနေသည်။
အဆိုပါပမာဏသည် ဂျပန်နိုင်ငံ၏ စုစုပေါင်း စိုက်ပျိုးရေးဧရိယာ ဟက်တာ ၄ ဒသမ ၂၂ သန်း ဝန်းကျင်၏ ၃၁ ရာခိုင်နှုန်းကျော်ဖြစ်သည်။ စွမ်းဆောင်ရည်မြှင့်တင်ရန် မြေယာများကို ပိုမိုကြီးမားသည့်လယ်ယာမြေအဖြစ် ပေါင်းစည်းရန်နှင့် အခြားသောဒေသများမှ လုပ်သားအင်အား ရှာဖွေရန် အစီအစဉ်များရေးဆွဲကာ အဆိုပါအခြေအနေကို တုံ့ပြန်ရန် ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည်။
အင်န်အိတ်ချ်ကေ


