ဘားအံ ၁၆ ဖေဖော်ဝါရီ
ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ကနေဒါနိုင်ငံအခြေစိုက် MEDA နှင့် မိတ်ဖက်အဖွဲ့အစည်းဖြစ်သော Karen Women Empowerment Group (KWEG) တို့ ပူးပေါင်း၍ လယ်ယာသုံးစက်ကိရိယာပြပွဲနှင့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးမှုတွင် ပါဝင်သူများ တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၉ နာရီက ဘားအံမြို့၊ ကန်သာဦးခန်းမ၌ ကျင်းပသည်။
လယ်ယာသုံး စက်ကိရိယာပြပွဲတွင် စပါး ေခြွလှေ့စက်များ၊ မျိုးစေ့ချကိရိယာများ၊ အခြောက်ခံစက်၊ သီးနှံစိုထိုင်းဆ တိုင်းတာသည့်စက်များနှင့် စပါးစိုက်ပျိုးသည့်လုပ်ငန်းတွင် အမျိုးသမီးများ အသုံးပြုနိုင်သည့် စက်ကိရိယာများကို အဓိကထားပြသခဲ့ပြီး တက်ရောက်လာသော တောင်သူများက ကြည့်ရှုလေ့လာခဲ့ကာ ဦးပါးနီချွေလှေ့စက် ထုတ်လုပ်ရေး၊ ရွှေဂွန်းဆိုင်မိသားစု၊ ဟာမိုနီမြန်မာနှင့် ရှမ်းမောမြေကုမ္ပဏီတို့မှ စိုက်ပျိုးရေးသွင်းအားစု ကုန်ပစ္စည်များအကြောင်း မိတ်ဆက်ခြင်းနှင့် ဝယ်ယူရေးစနစ်များအား ရှင်းလင်းပြောကြားခဲ့သည်။
KWEG မှ Director နော်သက်သက်ထွန်းက ယခုကဲ့သို့ လယ်ယာသုံးစက်ကိရိယာပြပွဲနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးမှုတွင် ပါဝင်သူများ တွေ့ဆုံဆွေးနွေးသည့်ပွဲကို ကျင်းပခြင်းရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး အဆိုပါပြပွဲနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်မြို့နယ်များရှိ ကျေးရွာပေါင်း (၂၀) မှ အမျိုးသမီး ဦးဆောင်တောင်သူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။
ယင်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက တောင်သူများအား တိုက်တွန်းနှိုးဆော် အားပေးစကား ပြောကြားခဲ့ကာ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦး၊ စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဘိုဘိုမောင်နှင့် MEDA မှ Value Chain Officer ဦးမင်းဇော်ဦးတို့ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


