စစ်တွေ  ၂၄  ဖေဖော်ဝါရီ 

 

ရခိုင်ပြည်နယ်အတွင်းရှိ မာန်အောင်မြို့အား ဆိုလာစနစ်ဖြင့် မေလကုန်မှစတင်၍ လျှပ်စစ်ဓာတ်အား၂၄ နာရီ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

 

“မေလအကုန်ပိုင်းမှာမာန်အောင်မြို့ကို ၂၄ နာရီလျှပ်စစ်မီးပေးနိုင်မယ်။ ဆိုလာ- ဒီဇယ် (Hybrid System)နဲ့ ဓာတ်အားဖြန့်ဖြူးပေးသွားမှာပါ။ နေရောင်ခြည်ရတဲ့အချိန်မှာဆိုလာနဲ့ ဘက်ထရီကိုအားဖြည့်မယ်။ နေရောင်ခြည်မရဘူးဘက်ထရီအားကုန်တဲ့အချိန်ဆိုရင် ဒီဇယ်စက် နဲ့ကူမယ်။ မာန်အောင်ကျွန်းတစ်ကျွန်းလုံးကို ၂၄ နာရီဓာတ်အားရရှိဖို့ အပိုင်းသုံးပိုင်းခွဲပြီး ဓာတ်အားပေးဖို့စီစဉ်ထားတယ်။မဟာဓာတ်အားလိုင်းစနစ်နဲ့ပေးဖို့ကပင်လယ်ဖြတ်ကျော် လိုင်းဆွဲရမှာ ဖြစ်ပြီး အခက်အခဲရှိတဲ့အတွက် ဆိုလာHybrid System လျှပ်စစ်မီးပေးမှာဖြစ်ပါတယ်”ဟု ပြည်နယ် လျှပ်စစ်အင် ဂျင်နီယာရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ 

 

မာန်အောင်မြို့ ၂၄ နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် အပိုင်းသုံး ပိုင်းခွဲ၍ စီမံဆောင်ရွက်လျက်ရှိပြီး အပိုင်း(၁)အနေဖြင့် ယခုနှစ်မေလကုန်မှစတင်ကာ မြို့ပေါ်ရပ်ကွက် ငါးရပ်ကွက်နှင့် ကျေးရွာခြောက်ရွာရှိ အိမ်ထောင်စု ၁၈၂၃ စုအား ၂၄ နာရီ လျှပ်စစ်ဓာတ် အားဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး ကျန်ရှိသည့်အိမ်ထောင်စုများအား လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

11

 

မာန်အောင်မြို့သည် သီးခြားဖြစ်နေသော ကျွန်းမြို့တစ်မြို့ဖြစ်ပြီး ပင်လယ်ပြင်အား ဖြတ်သန်းသွားလာရသဖြင့် မဟာဓာတ်အားလိုင်းမှ ဓာတ်အားလိုင်းသွယ်တန်း၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန်မှာ ငွေကြေးကုန်ကျမှုများမည်ဖြစ်သောကြောင့် အခြားမြို့များနည်းတူ လျှပ်စစ်ဓာတ် အားသုံးစွဲနိုင်ရန်အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် POSCO Daewoo Corporation တို့ပူးပေါင်း၍၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း လေ့လာဆန်း စစ်မှုများပြုလုပ်ခဲ့ပြီး မာန်အောင်မြို့နယ် ခအုံးမော်ကျေးရွာအနီးရှိ စက်ရုံတည်ဆောက် မည့်မြေနေရာ၌၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် ပန္နက်တင်ပြီး စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 

 

နိုင်ငံတော်ဓာတ်အားစနစ်နှင့်ဝေးကွာသောဒေသများတွင်တစ်ခုအပါအဝင်ဖြစ်သည့်ကျောက်ဖြူ ခရိုင် မာန်အောင်မြို့၌လက်ရှိတွင် လျှပ်စစ်ဓာတ်အားကို ဒီဇယ်သုံးမီးစက်ကြီးမှတစ်ဆင့် ဖြန့်ဖြူး နေခြင်းဖြစ်ပြီး နံနက် ၅ နာရီမှ ၆ နာရီခွဲအထိတစ်ကြိမ်၊ညနေ ၆ နာရီမှ ည ၁၀ နာရီခွဲထိတစ်ကြိမ် လျှပ်စစ်မီးဖြန့်ဝေပေးလျက်ရှိသည်။

 

ယခုနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဆောင်ရွက်သည့် စီမံကိန်းဖြစ်ပြီး စက်ရုံမှတစ်ဆင့်၂၄ နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေး နိုင်မည်ဖြစ်သဖြင့်ဒေသခံပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသည့်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

 

(ဟန်လင်းထက်)

 

22