လွိုင်ကော် နိုဝင်ဘာ ၁၈
ကယားပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိရာ ရွေးကောက်ပွဲတွင် မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုသင်တန်းမှ ပို့ချမည့် သင်ခန်းစာများနှင့် လုပ်ငန်းတာဝန်များကို သေချာဖတ်ရှု လေ့လာပြီး လက်တွေ့လုပ်ငန်း ဆောင်ရွက်ရာတွင် အမှားအယွင်း ကင်းစွာ စနစ်တကျ ဆောင်ရွက်ကြရန်နှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင် ပြီးမြောက်စေရန်အတွက် လုပ်ငန်းတာဝန်များကို နိုင်ငံ့ ဝန်ထမ်းကောင်း၊ ပြည်သူ့ဝန်ထမ်းကောင်းများ ပီသစွာဖြင့် ကျေပွန်စွာ ထမ်းဆောင်ကြစေလိုကြောင်း ပြောကြားပြီး မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ ပြည်နယ်ရွေးကောက်ပွဲအရာရှိက လက်ခံရယူသည်။
ထို့နောက် ပြည်နယ်ရွေးကောက်ပွဲ အရာရှိက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
အဆိုပါသင်တန်းကို လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ နိုဝင်ဘာ ၁၈ ရက်မှ ၂၃ ရက်အထိ အင်အား ၁၁၉၅ ဦးဖြင့် သင်တန်းခြောက်ကြိမ်ခွဲ၍ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


