မြစ်ကြီးနား ၂၂ ဖေဖော်ဝါရီ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ လာမည့်မတ်လအတွင်း ကျင်းပပြုလုပ်မည့် ကချင်ပြည်နယ်လုံးဆိုင်ရာ တိုင်းရင်းသား လူမျိုးပေါင်းစုံ ဗုဒ္ဓအဆုံးအမခံယူပွဲနှင့် ရှင်ရဟန်းတစ်ထောင်ပဗ္ဗဇ္ဇဥပသမ္ပဒမင်္ဂလာ သာသနာအမွေ ခံယူပွဲ အခမ်းအနားများကို ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနမှ ကြီးမှူး၍ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ယနေ့ မွန်းလွဲ ၂ နာရီတွင် တောင်တန်း သာသနာပြု(ဗဟို)ကျောင်းတိုက်၌ ဦးစီး ကော်မတီနှင့် ဆပ်ကော်မတီအသီးသီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခင်မောင်မြင့် (ခ)ဦးဒိတ်က ပြည်နယ်အဆင့်ပွဲတော်ဖြစ်သည်နှင့်အညီ ဆပ်ကော်မတီအသီးသီးက စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ချထားမှုအလိုက် လိုအပ်ချက်များ၊ အကြံပြုဆွေး နွေးချက်များ ကို တင်ပြဆွေးနွေးပေးကြရန် လိုအပ်ပါကြောင်း ပြောကြားပြီး ပွဲတော်စည်ကားသိုက်မြိုက် စွာကျင်းပနိုင်ရေး လုပ်ငန်းစီမံချက်ပါ ဆပ်ကော်မတီဝင်များကို ပြင်ဆင်ဖြည့်စွက်ကြသည်။
ယင်းနောက် ပွဲတော်အတွင်းဆပ်ကော်မတီအလိုက်ဆောင်ရွက်ရမည့် အစီအမံများနှင့် ပတ်သက်၍ တိုင်းရင်းသားပေါင်းစုံ၊ ဝန်ထမ်းမိသားစု၊ ကျောင်းသားများ၊ မိဘမဲ့ကလေးများ၊ ဆင်းရဲနွမ်းပါသူများ အပြင် တပ်မတော်မိသားစုဝင်များရှိ သာမဏေဝတ်ရန် ဆန္ဒရှိသူများကို စာရင်းကောက်ယူနိုင်ရေးကိစ္စ ရပ်များအပါအဝင် လိုအပ်ချက်များ၊ ဘဏ္ဍာငွေအသုံးစရိတ်များနှင့် အကြံပြုချက်များကို အသီးသီး တင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်ချက်များကို ဆပ်ကော်မတီအလိုက် ညှိနှိုင်းချိတ်ဆက် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပွဲတော်အား မြစ်ကြီးနားမြို့တွင် မတ်လ ၃၀ ရက်မှ ဧပြီလ ၁ ရက်အထိ ထေရဝါဒ ဗုဓ္ဒဘာသာဓလေ့ထုံးစံအတိုင်း ရှင်လောင်းနတ်ပြခြင်း၊ ရှင်လောင်းလှည့်ခြင်းတို့အပါအဝင် စည်ကားစွာ ကျင်းပသွားမည်ဖြစ်ပြီး ညပိုင်းတွင်လည်း တရားပွဲများကို ထည့်သွင်းကျင်းပသွားဖြစ်ကြောင်း၊ သာမဏေ၊ ရဟန်းဝတ်ရန်ဆန္ဒရှိသူများအနေဖြင့် ရပ်ကွက်အသီးသီးနှင့် အခြေခံပညာကျောင်းများတွင် စာရင်းပေးသွင်းနိုင်ကြောင်း ဦးစီးကော်မတီထံမှ သိရသည်။
MDN


