မြစ်သား ၂၄ ဖေဖေါ်ဝါရီ
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်၌ ပျော်ဘွယ်လေး-ဒါးရယ်ကောင်း စမုံမြစ် လူကူးတံတားအား ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေနှင့် ဒေသခံပြည်သူများက လုပ်အား၊ ငွေအားတို့ဖြင့် စုပေါင်းထည့်ဝင်၍ တည်ဆောက်ကြသည်။
အဆိုပါ စမုံမြစ် လူကူးတံတားသည် ပျော်ဘွယ်လေးကျေးရွာနှင့် ဒါးရယ်ကောင်းကျေးရွာအုပ်စုတို့ကို ဆက်သွယ်ပေးထားပြီး ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလပိုင်းက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် လုပ်ငန်း၏ လေးဆယ်ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်သည်။
ဖေဖေါ်ဝါရီ ၂၃ ရက်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလင်းလင်းကျော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်အုန်းကြည်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးတို့က တံတားတည်ဆောက်နေမှုများအား သွားရောက်ကြည့်ရှုအားပေးကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက တံတားတည်ဆောက်ရေးအတွက် ငွေကျပ်ငါးသိန်းအား လှူဒါန်းခဲ့သည်။
အဆိုပါ စမုံမြစ် လူကူးတံတားသည် အရှည် ၁၆၀ပေ၊ အကျယ် ၁၂ ပေနှင့် အမြင့် ၂၅ ပေရှိပြီး သိန်း ၁၂၀၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း ဒါးရယ်ကောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)


