မန္တလေး ဇူလိုင် ၂၂
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ပဲတီစိမ်း(မိုး) ကို ကျောက်ဆည်မြို့နယ်တွင် ၄၁၂၃ဧက၊ စဉ့်ကိုင်မြို့နယ်တွင် ၄၆၄၁ ဧက၊ မြစ်သားမြို့နယ်တွင် ၁၀၈၇၁ ဧက စုစုပေါင်း ၁၉၆၃၅ ဧက စိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပြီး လက်ရှိအချိန်တွင် မြစ်သားမြို့နယ်၌ ပဲတီစိမ်းသီးနှံများ ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။
ပဲတီစိမ်းသီးနှံကို မတ်လနှင့် ဧပြီလများတွင် စတင်စိုက်ပျိုးကြပြီး ဇွန်လနှင့် ဇူလိုင်လများတွင် ခူးဆွတ်ရကြောင်း၊ ကျောက်စိမ်းမျိုးနှင့် ရေဆင်း-၁၁ မျိုးကို အများ ဆုံးစိုက်ပျိုးကြကာ တစ်ဧကလျှင် မျိုးစေ့ ၅ - ၆ ပြည်ခန့် ကုန်ကျကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ငွေကျပ် ၄၅၀၀၀၀ ခန့် ကုန်ကျကြောင်း၊ ယခုအချိန်တွင် ပဲတီစိမ်းသီးနှံများ ရိတ်သိမ်းလျက်ရှိပြီး တစ်ဧကလျှင် ၁၀ - ၁၂ တင်းခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြပြီး ပွဲရုံများမှတစ်ဆင့် ရန်ကုန်နှင့် မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချကြကာ အကျိုးအမြတ်များရရှိသည့်အတွက် တောင်သူများအဆင်ပြေကြောင်း ပဲတီစိမ်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
DOCA(မန္တလေး)


