၆ ဇွန်

 

မြောက်ကိုရီးယားနိုင်ငံက ရောင်ဗြွန်နျူကလီးယားစက်ရုံ၌ သန့်စင်ပြီး ယူရေနီယံများ ထုတ်လုပ်နေဖွယ်ရှိကြောင်း မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ လေ့လာသည့်အဖွဲ့ဟု လူသိများသည့် အမေရိကန် သုတေသနအဖွဲ့တစ်ခုက ပြောကြားသည်။

 

38 North ဟုခေါ်ဆိုသည့် အဆိုပါအဖွဲ့က နျူကလီးယားစက်ရုံ၏ ဂြိုလ်တုပုံရိပ်များကို နောက်ဆုံးအကြိမ် အစီရင်ခံအတွင်း ဖော်ပြခဲ့သည်။

 

မကြာသေးခင်လက ရိုက်ကူးခဲ့သည့် ဓာတ်ပုံများထဲတွင် လူပေါင်းတစ်ဒါဇင်ခန့်နှင့် ဓာတ်ငွေ့လောင်စာစက်ရုံ အနီးရှိ သင်္ဘောနောက်တွဲယာဉ်၏ ပုံများကိုပြသနေသည်။ 

 

ဂြိုလ်တုပုံရိပ်များမှ ပြသသည့်ပုံများအရ နောက်တွဲယာဉ်မှာ နိုက်ထရိုဂျင်တင်ဆောင်သည့်သင်္ဘော ဟုတ် မဟုတ်ဖော်ထုတ်ရန် ခက်ခဲမည်ဟု အဆိုပါအဖွဲ့က ပြောကြားသည်။ အဆိုပါ နိုက်ထရိုဂျင်အရည်သည်  ယူရေနီယံ ထုတ်လုပ်ရာတွင် အသုံးပြုခြင်းဖြစ်သည်။

 

ထိုအတိုင်းသာ မှန်ကုန်ပါက နျူကလီးယား စေ့စပ်ညှိနှိုင်းမှုများတွင် အလျော့ပေးမှုများရရှိစေမည့် အမေရိကန် ပြည်ထောင်စုအပေါ် ဖိအားပေးနိုင်ရန် မြောက်ကိုရီးယားနိုင်ငံက ယူရေနီယမ် သန့်စင်နေဖွယ်ရှိသည်။

 

မြောက်ကိုရီးယားနိုင်ငံသည် ရောင်ဗြွန်ရှိ နျူကလီးစက်ရုံကို ဖျက်သိမ်းသည့် အတုံ့အလှည့်အနေဖြင့် ကုလ သမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုကို ရုပ်သိမ်းရန် ဖေဖော်ဝါရီလအတွင်း ကျင်းပခဲ့သည့် ထိပ်သီးဆွေးနွေးပွဲတွင် အမေရိကန်ပြည်ထောင်စုကို တိုက်တွန်းခဲ့သည်။သို့သော်လည်း နျူကလီးယားကို အလုံးစုံ ဖျက်သိမ်းပြီး သည်အထိတိုင်အောင် ပိတ်ဆို့မှုများ ရှိနေအုံးမည်ဟု အမေရိကန်ပြည်ထောင်စုက ပြောကြားသည်။

 


ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်