မောက်မယ် ၁၁ ဖေဖော်ဝါရီ
လူထုဗဟိုပြု စီမံကိန်းမှ ကြီးမှူး၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သော ကျေးရွာအဆင့် ကျား၊ မ ရေးရာသင်တန်းကို မောက်မယ်မြို့နယ် စဉ့်ဝင်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာ၌ ဖေဖော်ဝါရီ ၁၀ ရက်နံနက် ၉ နာရီမှ စတင်ကာ သင်ကြားပို့ချကြောင်း သိရသည်။
သင်တန်းတွင် မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့မှ ကျား၊ မ ရေးရာတာဝန်ခံ ဦးဉာဏ်လင်းက လူထုဗဟိုပြု စီမံကိန်းတွင် ကျား၊ မ ရေးရာ အခန်းကဏ္ဍ အရေးကြီးပုံနှင့် ထည့်သွင်း ကျင့်သုံးရခြင်းတို့ကို ရှင်းလင်းပြောကြားပြီး နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါ်နန်းခမ်းခေါင်က စာတွေ့လက်တွေ့ ဆက်လက်သင်ကြား ပို့ချသည်။
အဆိုပါ သင်တန်းသို့ မောက်မယ်မြို့နယ်ရှိ ကျေးရွာ ၅ ရွာမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၄၃ ဦး တက်ရောက်ကြပြီး မွန်းလွဲ ၃ နာရီအထိ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
မင်းမြင့်မိုရ်(ငါန်းဇွန်)


