မော်လိုက် ၁၅ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်၍ စွန့်ပစ်အမှိုက်များဖြင့် မြို့ဆိပ်ကမ်းအလှ ပျက်စီးနေသည့် မော်လိုက်မြို့ဆိပ်ကမ်း သာယာလှပရေးအတွက် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ပြည်သူများနှင့် ပူးပေါင်းကာ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၈ နာရီက မြို့ဆိပ်ကမ်းအရှေ့ဘက် သဲသောင်ပြင်ရှိ စွန့်ပစ် အမှိုက်များအား စုပေါင်းအမှိုက်အကောက်ခဲ့ကြကြောင်း သိရသည်။
“အခုလို စုပေါင်းအမှိုက်ကောက်ယူခြင်းများကို အရင်ကတော့ မြို့ပေါ်တွင်(၃)ကြိမ် ကောက်ယူခဲ့ပြီး ဖြစ်ကြောင်း၊ အခုလိုထူးထူးခြားခြား မြို့ဆိပ်ကမ်းအရှေ့ဘက် သဲသောင်ပြင်ရှိ စွန့်ပစ်အမှိုက်များအား စုပေါင်းကောက်တာကတော့ ပထမဦးဆုံး အကြိမ်ဖြစ်ကြောင်း၊ နောက်နောင်များတွင်လည်း ချင်းတွင်းမြစ်အတွင်း အမှိုက်စွန့်ပစ်ခြင်းများ မရှိအောင်လည်း ကာကွယ်ထိန်းသိမ်းစောင့်ရှောက် သွားမည်ဖြစ်ကြောင်း၊ စွန့်ပစ်အမှိုက်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် မြစ်ချောင်းအင်းအိုင် ရေကြောင်းများ ပိတ်ခြင်း၊ ရေသတ္တဝါတွေများ အသက်ဆုံးရှုံးရခြင်း၊ သဘာဝ ဂေဟစနစ်များ ပျက်စီးခြင်းစသည့် ဆိုးကျိုးများ မဖြစ်ပွားစေရေးအတွက် အခုလို စုပေါင်းအမှိုက်ကောက်ယူရခြင်းဖြစ်ကြောင်း” မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အမှုဆောင်အရာရှိ ဦးဇော်ဇော်ထွန်းထံမှ သိရသည်။
“စည်ပင်သာယာရေးကော်မတီမှ ဦးစီးပြီး ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ မြစ်ကြောင်းနှင့် သဲသောင်ပြင်တွင် တင်ကျန်ပွနေတဲ့ အမှိုက်များကို စုပေါင်းကောက်ယူခြင်းဖြင့် ကိုယ့်မြို့သာယာလှပရေး နှင့် ချင်းတွင်းမြစ်ကြောင်းကို ထိန်းသိမ်းရာလည်းရောက်တာမို့ ကောင်းမွန်တဲ့ အစီအစဉ်တစ်ခုပါ။ ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းအများက ရှေ့ဆောင်အနေဖြင့် လုပ်ပြကြသဖြင့် ပြည်သူများလည်း အမှိုက်များကို စနစ်တကျ စွန့်ပစ်နိုင်ဖို့ အသိပညာများ ရရှိပြီး၊ နောက်နောင်များကိုလည်း ဒီလို အမှိုက်တွေ မပွအောင် ပြည်သူများက စနစ်တကျ အမှိုက်စွန့်ပစ်ခြင်းများကို လုပ်ဆောင်သွားမည်ဆိုလျှင် မော်လိုက်မြို့ ဆိပ်ကမ်းသည် ပိုမိုသာယာလှပလာနိုင်မည်ဖြစ်ကြောင်း” စုပေါင်းအမှိုက်ကောက်ပွဲသို့ လာရောက်ခဲ့သည့် မြို့မိမြို့ဖ ဦးတင်ထွန်းလှိုင် ထံမှ သိရသည်။
အဆိုပါ ချင်းတွင်းမြစ်ကမ်းဘေး သဲသောင်ပြင်ရှိ စွန့်ပစ်အမှိုက်များအား စုပေါင်းကောက်ယူခြင်းသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများမှ ပါတီဝင်များ စုစုပေါင်းအင်အား (၃၀ဝ) ဦးခန့်ဖြင့် စုပေါင်း အမှိုက်ကောက်ယူခဲ့ကြကြောင်း သိရသည်။
မော်လိုက်သားလေး


