မော်လမြိုင် စက်တင်ဘာ ၂၈
၂၀၂၅ ခုနှစ် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ငန်းတေးဂေါက်ကလပ်၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဂေါက်သီး ရိုက်အားကစားသမားများနှင့် ဖိတ်ကြားထားသည့် ဂေါက်သီးရိုက်အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ မော်လမြိုင်မြို့ ငန်းတေးဂေါက်ကလပ်အသင်းမှ တာဝန်ရှိသူများနှင့်အတူ ပြိုင်ပွဲကို Color Ball ရိုက်၍ ဖွင့်လှစ်ပေးပြီး ၂၀၂၅ ခုနှစ် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည်။
ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ကျင်းပပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ (0-18) တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများ၊ (19-24) တန်းပြိုင်ပွဲတွင် ရိုက်ချက်အလိုက် အကောင်းဆုံးဂေါက်သီးရိုက်အားကစားသမားများ၊ အထူးဆု ရရှိသူများနှင့် Hole in One ဆုရရှိသူများအား ဆုဖလားနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များ၊ တာဝန်ရှိသူများနှင့်အတူ ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာ ကျောင်းကြီးကျောင်းတိုက်၌ ချောင်းဆုံမြို့နယ်လုံးဆိုင်ရာ ရာမညနိကာယအဖွဲ့က ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်မြောက် ဝါတော် ၅၀ နှစ်အထက် ဆရာတော်ကြီးများအား ပူဇော်ကန်တော့ပွဲသို့ တက်ရောက်ကြည်ညိုသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက မြစေတီပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္စျာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုပြီး ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းကြသည်။
ယင်းနောက် မော်လမြိုင်မြို့ မြစေတီဆရာတော်ထံမှ ရေစက်ချအနုမောဒနာတရား နာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


