မော်လမြိုင် နိုဝင်ဘာ ၂၀
နိုဝင်ဘာ ၂၀ ရက်တွင် ကျရောက်သည့် (၃၆)နှစ်မြောက် ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကမ္ဘာ့ကလေး များနေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် ဝန်ကြီးများ၊ ခရိုင်နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြား ထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ မော်လမြိုင်မြို့ အမှတ် (၂) မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်လေးများက “နိုင်ငံတကာ ရင်သွေးငယ်များ” တေးသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်က ကလေးသူငယ်ဥပဒေပါ ကလေးသူငယ် အခွင့်အရေးများကို ကလေးသူငယ်တိုင်း အပြည့်အဝ ခံစားခွင့်ရအောင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အရေး ကိစ္စများကို လက်တွဲပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြား ပြီး ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကလေးငယ်လေးများအား အမှတ် တရလက်ဆောင်များ ပေးအပ် ချီးမြှင့်သည်။
ယင်းနောက် မူလတန်းကြို ကျောင်းများမှ သားငယ်၊ သမီး ငယ်လေးများက တေးသီချင်းများ ဖြင့် သရုပ်ဖော်ဖျော်ဖြေတင်ဆက် ကြရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖျော်ဖြေ တင်ဆက်သွားသည့် ကလေးငယ်လေးများအား အမှတ် တရလက်ဆောင်များ ပေးအပ် ချီးမြှင့်ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


