မြောင်းမြ ၂၄ ဖေဖော်ဝါရီ
မြောင်းမြမြို့ပေါ် ကမ်းနာလမ်းနှင့် မြစ်ဆိပ်ကမ်းများ သန့်ရှင်းသာယာလှပစေရန်နှင့် အမှိုက်များ စနစ်တကျစွန့်ပစ်တတ်စေရန် ရည်ရွယ်ချက်ဖြင့် ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သတ္တမနေ့ ဥပုသ်အသင်း ဓမ္မတက္ကသိုလ် ကျောင်းသားကျောင်းသူများ၊ ပညာရေးကောလိပ်၊ စိုက်ပျိုးရေးသိပ္ပံကျောင်းများမှ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်များ၊ ပရဟိတလူငယ်များက ဖေဖေါ်ဝါရီ (၂၄)ရက် နံနက်(၇)နာရီက စတင်ကာ မြို့ဆိပ်ကမ်းတစ်လျှောက် အမှိုက်ကောက်ခြင်းနှင့် စည်ပင်သာယာမှ အမှိုက်သိမ်းခြင်း လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စုပေါင်းအမှိုက်ကောက်ခြင်း လုပ်ငန်းများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဇာနည်တင့်နှင့် ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးညွန့်ဝင်းတို့က ကြီးကြပ်ဆောင်ရွက်ခဲ့ကြကာ (၃)လမ်းမှ (၄)လမ်းထိ အဖွဲ့(၁)၊ (၄)လမ်းမှ ညောင်ပင်ကြီး ညောင်ပင်လေးဈေးတစ်လျှောက်ထိ အဖွဲ့(၂)၊ (၅)လမ်းမှ လှိုင်မင်္ဂလာဈေး ကမ်းနားတစ်လျှောက်အဖွဲ့ (၃)၊ (၇)လမ်း ဆိပ်ကမ်းတစ်လျှောက် အဖွဲ့(၄)နှင့် လယ်ယာသုံးဈေး ဆိပ်ကမ်းတစ်လျှောက် အဖွဲ့(၅)တို့ဖြင့် အဖွဲ့အလိုက် စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်မင်း (မြောင်းမြ)


