ပုသိမ် ဒီဇင်ဘာ ၂၁

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့၌ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၏ ဒုတိယအကြိမ် သူနာပြု သားဖွားဒီပလိုမာအပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်း တွင်ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြသူနာပြု သင်တန်းကျောင်း သုံးကျောင်း၌ တိုင်းဒေသကြီး၏ ကျန်းမာရေးကဏ္ဍအတွက် လိုအပ်သော လူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးသည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည်နှင့်အညီ ကျေးလက်နေလူဦးရေလည်း များပြားကြောင်း၊ သူနာပြု သားဖွားဒီပလိုမာရရှိခဲ့သည့် သင်တန်းသား သင်တန်းသူများသည် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးမည့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များဖြစ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွင် မိမိတို့၏ ဝါသနာကိုအရင်းခံ၍ တက်ရောက်လျှောက်ထားသူများပြားကြောင်း၊ မြောင်းမြသူနာပြုသင်တန်းကျောင်း မှ ၂၀၂၄ ခုနှစ်တွင် သူနာပြုသင်တန်းသား သင်တန်းသူ ၆၉ ဦး၊ ၂၀၂၅ ခုနှစ်တွင် သူနာပြုသင်တန်းသား သင်တန်းသူ ၅၄ ဦး စုစုပေါင်း ၁၂၃ ဦးကို မွေးထုတ် ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် ကျန်းမာရေးကဏ္ဍသည် အရေးကြီးသည်နှင့်အမျှ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်သော မျိုးချစ်စိတ်ဓာတ် ပြည့်ဝသော နိုင်ငံအကျိုးပြု သူနာပြုဝန်ထမ်းကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လိုအပ်သည်များ ပံ့ပိုးပေးလျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၏ ကျန်းမာရေးကဏ္ဍအတွက် လူ့စွမ်းအားအရင်းအမြစ်များ ဖြည့်ဆည်းဆောင်ရွက်ပေးမည့် မောင်တို့မယ်တို့အား ကျေးလက်နေပြည်သူများအပါအဝင် ပြည်သူများ အားလုံးကလည်း စောင့်ကြိုနေမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

 

ယင်းနောက် တာဝန်ရှိသူများက သားဖွားဒီပလိုမာရရှိခဲ့သည့် သင်တန်းသား သင်တန်းသူ ၅၄ ဦး တို့အား သူနာပြု သားဖွားဒီပလိုမာ အောင်လက်မှတ်များ အပ်နှင်းပေးခဲ့ကြကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)