ဒီဇင်ဘာ ၁၁

မော်ရိုကိုနိုင်ငံ ဖက်ဇ်မြို့တွင် လူနေအဆောက်အအုံနှစ်လုံး ပြိုကျမှုကြောင့် ယခင်က ၁၉ ဦးသာရှိသော ကိန်းဂဏန်းကို ပြင်ဆင်ပြီး သေဆုံးသူဦးရေ ၂၂ ဦးအထိ မြင့်တက်လာကြောင်း အစိုးရရှေ့နေက ယမန်နေ့က ပြောကြားခဲ့သည်။

ယမန်နေ့နှောင်းပိုင်းက အယ်လ်-မူစတာကဘယ်ရပ်ကွက်၌ လူမရှိသော အဆောက်အအုံတစ်လုံး ပြိုကျခဲ့ပြီး အနီးနားရှိ လေးထပ်အဆောက်အအုံတစ်လုံး ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း အစိုးရရှေ့နေကပြောကြားခဲ့သည်။ ဒုတိယအဆောက်အအုံပြိုကျမှုသည် မွေးနေ့အထိမ်းအမှတ် ရိုးရာအကွီကာပွဲတော် ကျင်းပနေချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ထိခိုက်ဒဏ်ရာရသေဆုံးသူများတွင် အမျိုးသမီးများနှင့် ကလေးများပါဝင်ပြီး အခြားလူ ၁၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက်အချို့သည် အခြေအနေစိုးရိမ်ရသည်ဟု ဖော်ပြထားသည်။ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသဖြင့် သေဆုံးသူဦးရေ မြင့်တက်လာနိုင်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ကနဦးတွေ့ရှိချက်များအရ အဆောက်အအုံနှစ်လုံးကို ၂၀၀၆ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါအဆောက်အအုံနှစ်လုံးပြိုကျမှုကြောင့် မော်ရိုကိုနိုင်ငံတွင် အဆောက်အအုံဘေးကင်းလုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ အိမ်ရာဝန်ကြီး အဒစ်ဘန်အီဘရာဟင်မ်က နိုင်ငံတစ်ဝန်းတွင် အဆောက်အအုံ ၃၈၈၀၀ ခန့် ပြိုကျနိုင်သည့်အန္တရာယ်ရှိကြောင်း ဇန်နဝါရီလကပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

မော်ရိုကို၏ တတိယအကြီးဆုံးမြို့ဖြစ်သော ဖက်ဇ်မြို့သည် လူနေမှုအဆင့်အတန်းနှင့် အများပြည်သူဝန်ဆောင်မှုများ ညံ့ဖျင်းမှုနှင့်ပတ်သက်၍ ဆန္ဒပြမှုများကို မကြာသေးမီလများအတွင်း ကြုံတွေ့ခဲ့ရသည်။ သမိုင်းဝင် Meknes မြို့တွင် ၂၀၁၀ ခုနှစ်က မျှော်စင်ပြိုကျမှုကြောင့် လူ ၄၁ ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း ယခုပြိုကျမှုသည် နိုင်ငံအတွင်း သေဆုံးမှုအများဆုံး အဆောက်အအုံမတော်တဆမှုများအနက် တစ်ခုဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို