မိမိုးအေး(ဘားအံတက္ကသိုလ်)

ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြတဲ့ ကျွန်မတို့အနေနဲ့ မေတ္တာဆိုတဲ့ စကားလုံးနဲ့ မစိမ်းလှပါဘူး။ နေ့တိုင်းမှာ ဒီစကားလုံးကို သုံးစွဲပြောဆိုနေကြတာကြောင့် ရင်းနှီး ပြီးသားလည်းဖြစ်ပါတယ်။ မေတ္တသုတ်ရွတ်တာ၊ မေတ္တာပို့တာ၊ မေတ္တာပွားတာ မျိုးတွေကို နေ့စဉ်ပြုလုပ်ဆောင်ရွက်ကြပါတယ်။ ဒါ့အပြင် ဗြဟ္မာတွေ ကျင့်သုံးကြတဲ့ ဗြဟ္မဝိဟာရလို့ခေါ်တဲ့ ဗြဟ္မစိုရ်တရား လေးပါးဖြစ်တဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာမှာလည်း မေတ္တာပါနေပါသေးတယ်။

 

ကျွန်မတို့ နေ့စဉ်မှာ မေတ္တာနဲ့ပတ်သက်ပြီး ပြောဆိုသုံးစွဲကြပါတယ်။ ရွတ်ဖတ် ကြပါတယ်။ ဒါပေမယ့်လည်း လက်တွေ့မှာတော့ လိုက်နာကျင့်သုံးတဲ့နေရာမှာ အတော့်ကို အားနည်းကြတာကို စိတ်မကောင်းစရာ မြင်တွေ့နေရပါတယ်။ မေတ္တာ ထားတယ်လို့ ပြောဆိုနေကြပေမယ့် တကယ်တမ်းတော့ မထားနိုင်ကြပါဘူး။ မေတ္တာ မထားနိုင်ကြလို့သာ ရာဇဝတ်မှုတွေ၊ လူလူချင်း သတ်ဖြတ်တာတွေ၊ စစ်ပွဲတွေ ဖြစ်ပွား နေကြတာပါ။

 

မေတ္တာရဲ့သဘော

မေတ္တာဆိုတဲ့ ပါဠိစကားလုံးကို အဘိဓာန်တွေမှာတော့ “အကျိုးစီးပွားကို အလိုရှိတတ်သော သဘောတရား”လို့ ဖွင့်ဆိုထားပါတယ်။ တခြားတစ်ယောက်ရဲ့ အကျိုးစီးပွားကို အလိုရှိတာ။ အကျိုးရှိအောင် လုပ်ကိုင်ဆောင်ရွက်ပေးတာလို့လည်း ဆိုနိုင်ပါတယ်။ ပြောရမယ်ဆိုရင် တခြားတစ်ယောက်ရဲ့ အကျိုးစီးပွားကို မထိခိုက် စေတာဟာလည်း မေတ္တာရဲ့ သဘောပဲလို့ ကျွန်မ နားလည်ထားပါတယ်။

လူတစ်ယောက်နဲ့ တစ်ယောက်၊ တစ်မိသားနဲ့ တစ်မိသား၊ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခု၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး၊ ရဟန်းနဲ့ဒကာ၊ မင်းနဲ့ ပြည်သူတွေအကြားမှာ ပျော်ရွှင်ဖို့၊ ငြိမ်းချမ်းဖို့၊ ညီညွတ်ဖို့ မေတ္တာဟာ အရေးပါဆုံးဖြစ်မယ်ထင်ပါတယ်။ မေတ္တာကြောင့်သာ ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှု၊ ညီညွတ်မှုရရှိမှာ ဖြစ်ပါတယ်။ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ဘယ်အရေးမှာပဲဖြစ်ဖြစ် မေတ္တာနဲ့သာဖြေရှင်းရင် အောင်မြင်ဖို့ ရာနှုန်းများပါတယ်။

တကယ်တော့ ကျွန်မတို့ လူသားတစ်ဦးချင်းစီမှာ မေတ္တာတရားရှိဖို့ လိုအပ်ပါ တယ်။ အထူးသဖြင့် အလွှာအသီးသီးမှာ ခေါင်းဆောင်တာဝန်ကို ယူထားကြသူများ က မေတ္တာတရားကို လက်ကိုင်ထားဖို့ ပိုပြီးလိုအပ်တယ်လို့ ကျွန်မယူဆပါတယ်။ ဘာကိစ္စကိုပဲဖြေရှင်းဖြေရှင်း အောင်မြင်အောင်ဖြေရှင်းဖို့နည်းလမ်းဟာ မေတ္တာ တရားကိုသာ အခြေခံပါတယ်။

 

မေတ္တာပါရမီကို ဖြည့်ကျင့်

ကျွန်မတို့ သက်ဝင်ယုံကြည်ကိုးကွယ်နေကြတဲ့ ဗုဒ္ဓ ̈ဟာ မေတ္တာဝါဒီသမားစစ်စစ် တစ်ဦးဆိုတာ ကျွန်မတို့မေ့ထားလို့မရပါဘူး။ ၄၅ ဝါပတ်လုံး သတ္တဝါတွေရဲ့ အကျိုး စီးပွားအတွက်ကိုသာ နေ့ညမပြတ်ဆောင်ရွက်ပေးခဲ့တဲ့ မေတ္တာရှင်အစစ်ဖြစ်ပါတယ်။ ဒါတင်မကပါဘူး။ ဘုရားမဖြစ်ခင် ဘဝပေါင်းများစွာမှာလည်း သတ္တဝါအားလုံးတို့ကို မိမိရဲ့ ရင်ဝယ်သားသမီးလို ချစ်ခင်ကြင်နာပြီး အကျိုးကို လိုလားတတ်တဲ့ မေတ္တာ ပါရမီကို ဖြည့်ကျင့်ခဲ့ပါသေးတယ်။

ဗုဒ္ဓဟာ မေတ္တာကြောင့် အသက်ကိုစွန့်လွှတ်ခဲ့တယ်။ မေတ္တာကြောင့် တိုင်းပြည် စည်းစိမ်ဥစ္စာကို စွန့်လွှတ်ခဲ့တယ်။ မေတ္တာကြောင့် အရာရာကို စွန့်လွှတ်နိုင်ခဲ့သူ ဖြစ်ပါတယ်။ သတ္တဝါတွေကို ကယ်တင်ခဲ့တဲ့အခါတိုင်းမှာ မေတ္တာနဲ့သာ ဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်။ ဒါတွေကို ကျွန်မတို့ ပါဠိစာပေအနှံ့အပြားမှာ တွေ့နိုင်ပါတယ်။ ပြောလို့လည်း မကုန်နိုင်ပါဘူး။

 

ဘုရားလောင်းမျောက်မင်း မဟာကပိဇာတ်

အဲဒီအများကြီးထဲက မေတ္တာကြောင့် အသက်ကို စွန့်ခဲ့တဲ့ ဗုဒ္ဓ ̈ရဲ့အကြောင်းကို ကျွန်မ နည်းနည်းပြောပြချင်ပါတယ်။ ကြားဖူးတဲ့အကြောင်းလည်း ဖြစ်မှာပါ။ ဘုရားလောင်း မျောက်မင်းဘဝ မဟာကပိဇာတ်ထဲက အကြောင်းဖြစ်ပါတယ်။ ဂင်္ဂါ ̄မြစ်ကမ်းနားမှာရှိတဲ့ သရက်သီးအကြီးကြီးတွေသီးတဲ့ သရက်ပင်ကို အမှီပြုပြီး မျောက်ရှစ်သောင်းခြံရံပြီး နေထိုင်ကြပါတယ်။ ဂင်္ဂါ ̄မြစ်ထဲ မျောလာတဲ့ သရက်သီးကို ဗာရာဏသီမင်းက စားရပြီး ထပ်ပြီးစားချင်တဲ့အတွက် ဟိမဝန္တာ တောကို မင်းပရိသတ်နဲ့ အတူ လာခဲ့ကြပါတယ်။ သရက်သီးစားဖို့ ရောက်လာတဲ့မျောက်တွေကို တွေ့တော့ ပါလာတဲ့ စစ်သည်တွေက ဖမ်းဆီးသတ်ဖြတ်ဖို့ သရက်ပင်အောက်မှာ ဝိုင်းထားကြပါ တယ်။ အဲဒီအခါမှာ မျောက်တွေဟာ သူတို့ရဲ့ အသက်အ္တရာယ်အတွက် အတော်ပဲ ကြောက်ရွံ့နေကြပါတယ်။

မျောက်မင်းကတော့ သာမန်မဟုတ်ဘဲ ခွန်အားဗလနဲ့ ပြည့်စုံတာကြောင့် တစ်ဖက်ကမ်းကို ခုန်ကူးသွားနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်လွတ်မရုန်းတဲ့ မျောက်မင်းဟာ မျောက်အပေါင်းကို မစိုးရိမ်ဖို့ပြောပြီး တစ်ဖက်ကမ်းကို ခုန်ကူးသွားပါတယ်။ တစ်ဖက် ကမ်းကိုရောက်တဲ့အခါ မြစ်ကိုဖြတ်ကူးနိုင်အောင် ရှည်တဲ့နွယ်ပင်ကိုရှာပြီး သူ့ရဲ့ခါးမှာ ချည်ပြီး သရက်ပင်ဆီကို ပြန်ပြီး ခုန်ကူးလိုက်ပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ နွယ်ပင် ဟာ နည်းနည်းတိုသွားတာကြောင့် သရက်ပင်မှာ ချည်လို့မရဘူးဖြစ်နေတယ်။ ဒါနဲ့ပဲ လက်နှစ်ဖက်နဲ့ သရက်ကိုင်းကို ဆွဲကိုင်ပြီး သူရဲ့ ကျောက်ကုန်းပေါ်ကနေ နင်းစေပြီး တစ်ဖက်ကမ်းကို ကူးစေပါတယ်။ မျောက်ဆိုးတစ်ကောင်ကတော့ အမြင့်ကနေ မျောက်မင်းရဲ့ ကျောက်ကုန်းပေါ်ကို တမင်ခုန်ချခဲ့တာကြောင့် ပိုပြီးနာကျင်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကို အစအဆုံးမြင်တွေ့ရတဲ့ ဗာရာဏသီမင်းက မျောက်မင်းကို သစ်ပင်ထက်က ချစေပါတယ်။ ဂင်္ဂါ ̄မြစ်ရေနဲ့ ချိုးစေပြီး ဒဏ်ရာတွေနဲ့ ခန္ဓာကိုယ်ကို ဆီနဲ့လိမ်းပြီး ပြုစုပေးပါတယ်။ အဲဒီနောက်မှာ ဗာရာဏသီမင်းက ခန္ဓာကိုယ်ကို တံတားလုပ်ပြီး ဒီမျောက်တွေကို အန္တရာယ်ကလွတ်ကင်းအောင် ပြုလုပ်ပေးတဲ့ မျောက်မင်းနဲ့ ဒီမျောက်တွေ ဘာတော်စပ်လဲလို့ မေးပါတယ်။ ဒီအခါမှာ မျောက်မင်းက ဂါထာနဲ့ ဒီလို ပြန်ဖြေပါတယ်။

‘တံ မံ န တပတေ ဗန္ဓော၊ မတော မေ န တပေဿတိ။

သုခမာဟရိတံ တေသံ၊ ယေသံ ရဇ္ဇမကာရယိံ။

အဓိပ္ပာယ်ကတော့ ‘အချုပ်အနှောင်ကို ငါမမှု၊ သေမည်ကိုလည်း မစိုးရိမ်၊ အကြင် သူတို့၏ မင်းဖြစ်သော ငါသည် ထိုသူတို့၏ ချမ်းသာကို ဆောင်ပါ၏’ လို့ ဖြစ်ပါတယ်။ ဘယ်ခေါင်းဆောင်မဆို မှတ်သားပြီး လိုက်နာရမယ့် အချက်ကို ဗုဒ္ဓ ̈က သေသေချာချာပဲ လမ်းညွှန်ခဲ့တာဖြစ်ပါတယ်။

 

မေတ္တာစွမ်းအား

မေတ္တာနဲ့ ယှဉ်တဲ့စိတ်ဟာ ဒေါသကို ပယ်ပါတယ်။ ခွဲခြားဆက်ဆံမှု မရှိပါဘူး။ အမှန်တရားကို မြတ်နိုးစေပါတယ်။ မေတ္တာဟာ လက်စားချေလိုခြင်းမရှိဘူး။ အမုန်း လည်း မပွားပါဘူး။ မေတ္တာဟာ သူတစ်ပါးအကျိုးကို ငဲ့တယ်။ ကိုယ့်အကျိုးကို ထည့်မတွက်တတ်ဘူး။ ကြီးပွားစေချင်တယ်။ တိုးတက်စေချင်တယ်။ အောင်မြင်စေ ချင်တယ်။ အဆင်ပြေစေချင်တယ်။ တုံ့ပြန်မျှော်လင့်ချက်မရှိဘူး။ ပျော့ပျောင်းတယ်။ နူးညံ့တယ်။ သိမ်မွေ့တယ်။ စွမ်းအားကြီးတယ်။

မေတ္တာတရားကို လက်ကိုင်ထားပါတယ်ဆိုတဲ့ ဗုဒ္ဓဘာသာဝင်တွေ အများစု နေထိုင်ကြတဲ့ ကျွန်မတို့နိုင်ငံမှာ စစ်ပွဲတွေဖြစ်ပွားနေတာ အလွန်ပဲဝမ်းနည်းစရာ ကောင်းလှပါတယ်။ ဘယ်သူ့ဘက်ကပဲ တိုက်ပွဲမှာကျကျ လူသားတစ်ဦး အသက်ဆုံး ရတာပဲဖြစ်ပါတယ်။ မိခင်အတွက် သားကို ဆုံးရှုံးရပါတယ်။ ဇနီးမယားအတွက် လင်ယောကျာ်းကို ဆုံးရှုံးရပါတယ်။ ကလေးတွေအတွက် ဖခင်မဲ့ကြရပါတယ်။ ဒါနဲ့ မပြီးသေးပါဘူး။ စစ်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း ခံယူရပါသေးတယ်။

ဒါတွေအားလုံးပြီးဆုံးဖို့၊ စစ်ပွဲတွေရပ်ဆိုင်းဖို့၊ ငြိမ်းချမ်းဖို့ နှစ်ဖက်ခေါင်းဆောင် တွေဟာ တာဝန်အရှိဆုံးဖြစ်မယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဆုံးဖြတ်ချက်ချ တာ၊ စီမံခန့်ခွဲတာ၊ လုပ်ပိုင်ခွင့်ရှိတာ ခေါင်းဆောင်တွေ ဖြစ်လို့ပါပဲ။ ဒီခေါင်းဆောင်တွေ ကပဲ စစ်ပွဲတွေကို ဖြစ်စေနိုင်ပြီး ဒီခေါင်းဆောင်တွေကပဲ စစ်ပွဲတွေကို ရပ်ဆိုင်းစေနိုင် တာ ဖြစ်ပါတယ်။

ခေါင်းဆောင်တွေကသာ စစ်ပွဲတွေဟာ ကိုယ့်ရဲ့ ကိုယ်ကျိုးအတွက်မဟုတ်ဘဲ လက်အောက်ငယ်သားနဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ အကျိုးကို အမှန်တကယ်ပဲ လိုလား တယ်ဆိုရင် မေတ္တာနဲ့ယှဉ်ပြီး ဆုံးဖြတ်လုပ်ကိုင်ပေးကြစေလိုပါတယ်။ ဒီနေရာမှာ ဘုရားလောင်းမျောက်မင်းက ဗာရာဏသီမင်းကို ဆုံးမတဲ့အချက်ဟာ ခေါင်းဆောင် တို့ မလွဲမသွေ လက်ခံကျင့်သုံးဖို့ အချက်ပဲဖြစ်ပါတယ်။ မျောက်မင်းက မိမိဟာ ခေါင်းဆောင်ဖြစ်တဲ့အတွက် ပြည်သူပြည်သားတို့ကို သောကကင်းစေဖို့၊ ဘေးကင်း စေဖို့၊ ချမ်းသာရာရစေဖို့ ဆောင်ရွက်ပေးရတာဟာ မိမိတာဝန်သာဖြစ်ကြောင်း၊ မင်းကြီးအနေနဲ့လည်း မိမိကို သာဓကပြုပြီး တိုင်းသူပြည်သားတို့ရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပေးဖို့ မှာကြားခဲ့ပါတယ်။

 

မေတ္တာနဲ့ယှဉ် ငြိမ်းချမ်းရေး ဆောင်ရွက်နိုင်

ခေါင်းဆောင်တွေဟာ ဘုရားလောင်းရဲ့ မေတ္တာပါရမီကို လက်တွေ့ကျင့်သုံးသင့် ပါတယ်။ ဘုရားလောင်းစိတ်ဓာတ်မျိုးထားနိုင်ဖို့လည်း လိုပါတယ်။ အများရဲ့ အကျိုးကို ငဲ့ပြီး ကြံစည်ပြောဆိုလုပ်ကိုင်ဆောင်ရွက်ပေးတာဟာလည်း မေတ္တာပဲ ဖြစ်တယ် ဆိုတာ ခေါင်းဆောင်တွေ သတိပြုမိဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာနတွေနဲ့ ဒီစစ်ပွဲတွေ မပြီးဆုံးနိုင်ပါဘူး။ မငြိမ်းချမ်းနိုင်ပါဘူး။ မေတ္တာနဲ့ ယှဉ်မှသာ ငြိမ်းချမ်းရေးကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။မေတ္တာတရားကို ငြိမ်းချမ်းရေးဆောင်ရွက်ရာမှာ မဖြစ်မနေအသုံးပြုရမှာဖြစ်ပါ တယ်။ တကယ်တော့ မေတ္တာဟာ ငြိမ်းချမ်းရေးအတွက် အရင်းအမြစ်စစ်စစ် ဖြစ်ပါ တယ်။ ကောင်းကျိုးကို လိုလားတဲ့ မေတ္တာဆိုတဲ့ လက်နက်ကသာ စစ်ပွဲတွေကို ရပ်ဆိုင်းပေးနိုင်မှာ ဖြစ်ပါတယ်။ မေတ္တာလက်နက်ကသာ ထာဝရငြိမ်းချမ်းရေးကို ပေးနိုင်မှာဖြစ်တဲ့အကြောင်း ပြောကြားရင်း မြန်မာ့နှစ်သစ်ကူး အခါသမယမှာ ပျော်ရွှင်ချမ်းမြေ့ ငြိမ်းချမ်းကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက် ပါတယ်ရှင်။ မြန်မာ့အလင်း