မန္တလေး ၂၇ ဖေဖော်ဝါရီ


မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြေယာခွန်များကို ခေတ်ကာလ နှင့်အညီ ကောက်ခံနိုင်ရန် မြေယာခွန် ဥပဒေ မူကြမ်းကို ယနေ့ကျင်းပ ပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် တင်သွင်းခဲ့သည်။


ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဆဌမနေ့) အစည်းဝေးတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက တင်သွင်းခဲ့ခြင်းဖြစ်သည်။


‘မန္တလေးတိုင်းဒေသကြီး အနေဖြင့် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပေဒေပုဒ်မ ၂၅၄ အရ ဇယား ၅ ပါ အခွန်အခများကို ဥပဒေ နှင့်အညီ ကောက်ခံပြီး တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေသို့ပေးသွင်းခြင်း၊ သုံးစွဲခြင်း ဆောင်ရွက်နိုင်ရန်အတွက် မြေယာခွန်ဥပဒေကိုရေးဆွဲ ပြဌာန်းရန် လိုအပ်မည်ဖြစ်ပါသည်’ ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ဒေါက်တာစိုးသန်းက ပြောသည်။


မြေခွန်တော် ကောက်ခံခြင်းတွင် ၁၈၉၈ ခုနှစ် မြန်မာနိုင်ငံအောက်ပိုင်းမြို့နှင့် ကျေးရွာမြေများ အက်ဥပဒေ ပုဒ်မ ၂၂ ၊ ၂၃ နှင့် အမိန့်ဆင့်ဆိုချက် ၄၃ အရလည်းကောင်း၊ ၁၈၈၉ ခုနှစ် မြန်မာနိုင်ငံတော် အထက်ပိုင်း မြေခွန်လက်စွဲဥပဒေ ပုဒ်မ ၂၇ နှင့် နည်းဥပဒေ ၈၀ အရလည်းကောင်း ကောက်ခံလျက်ရှိကြောင်း သိရသည်။ ယခင်က ကောက်ခံသည့် မြေယာခွန်နှုန်းများမှာ ဆည်ရေသောက် လယ်မြေအတွက် အနည်းဆုံး ၂၅ ပြားမှ အများဆုံး ၈ ကျပ် ၂၅ ပြား၊ မိုးကောင်းသောက်လယ်မြေ အတွက် အနည်းဆုံး ၂၅ ပြားမှ အများဆုံး ၃ ကျပ် ၂၅ ပြား၊ ကိုင်း၊ ကျွန်းမြေအတွက် ပြား ၅၀ မှ ၄ ကျပ်၊ ယာမြေ ၂၅ ပြားမှ ၃ ကျပ်၊ ဥယျာဉ်မြေ ပြား ၅၀ မှ ၇ ကျပ်အထိ ကောက်ခံမှုများရှိကြောင်း သိရသည်။


ယခုတင်သွင်းသည့် မြေယာခွန် ဥပဒေတွင် မြေခွန်စည်းကျပ်ခ နှုန်းထားမှာ ဆည်ရေသောက် လယ်မြေအတွက် ၅၀ဝ ကျပ်မှ ၇၀ဝ ကျပ်အထိ၊ မိုးကောင်းသောက် လယ်မြေအတွက် ၂၀ဝ ကျပ်မှ ၄၀ဝ ကျပ်အထိ၊ ကိုင်း၊ ကျွန်းမြေအတွက် ၂၀ဝ ကျပ်မှ ၄၀ဝ ကျပ်အထိ၊ ယာမြေအတွက် ၁၀ဝ ကျပ်မှ ၃၀ဝ ကျပ်အထိ၊ ဥယျာဉ်မြေအတွက် ၄၀ဝ ကျပ်မှ ၇၀ဝ ကျပ်အထိ လျာထားကြောင်း သိရသည်။


မန္တလေးတိုင်း ဒေသကြီးအတွင်း ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ မြေခွန်စုစုပေါင်း ကျပ် ၇၀၄ ဒသမ ၈၈၆ သန်း ရှိကြောင်း သိရသည်။


အိမို့မို့ခိုင်