မြစ်ကြီးနား ၂၀ ဖေဖော်ဝါရီ
ကချင်ပြည်နယ်အတွင်းရှိ မြေယာအရေးကိစ္စများနှင့် ပတ်သက်၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ကောင်းမွန်မှန်ကန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးသည် ဖေဖော်ဝါရီ ၁၉ ရက် နံနက်(၉)နာရီခွဲတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ပြည်နယ်ဦးစီးမှူးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက လယ်ယာမြေစာရင်းများ မှန်ကန်တိကျကောင်းမွန်စွာ စာရင်းပြုစုထားရှိရေး၊ လယ်သမား၏ လယ်ယာလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)ကို ရသင့်ရထိုက်သည့် လယ်သမားများလက်ဝယ်သို့ အမြန်ဆုံးရရှိစေရေး၊ လယ်ယာမြေများ တိုင်းတာစိစစ်ရာတွင် စိတ်ကောင်းစေတနာကောင်းဖြင့် နိုင်ငံတော်၏အကျိုး၊ လယ်သမားများ၏အကျိုးကို ရှေ့ရှုဆောင်ရွက်ပေးရေး၊ မြေယာအငြင်းပွားမှုများနှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ရာတွင် အဂတိကင်းရှင်းပြီး ဥပဒေလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ မှန်ကန်စွာ ဆုံးဖြတ်ပေးရေးတို့ကို ရှင်းလင်းမှာကြားသည်။
ယင်းနောက် ပြည်နယ်ဦးစီးဌာနမှူး ဦးသိန်းလွင်က ပြည်နယ်အတွင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းအင်အား အခြေအနေနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ခရိုင်အလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်နယ်အတွင်းရှိ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း (၄၂)ဦးတို့ တက်ရောက်ခဲ့ကြောင်း ပြည်နယ်(ပြန်/ဆက်)မှ သိရသည်။
MDN


