မဟာယူနိုက်တက်ကို ရန်ကုန်အသင်း ငါးဂိုးပြတ်သွင်း

ရန်ကုန်  ဇူလိုင်   ၂၅

၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၅) ဒုတိယ နေ့အဖြစ် ရန်ကုန်အသင်းနှင့် မဟာယူနိုက်တက် အသင်းတို့ ဇူလိုင် ၂၄ ရက်က ယှဉ်ပြိုင်ကစားရာ ရန်ကုန်အသင်းက ငါးဂိုးပြတ် အနိုင်ရခဲ့သည်။

မဟာယူနိုက်တက်အသင်းသည် ယခုရာသီတွင် ရလဒ်များဆိုးရွားနေပြီး ဂိုးပြတ်ရှုံးပွဲတစ်ပွဲ ထပ်မံ ရင်ဆိုင်ခဲ့ရသည်။ ရန်ကုန်အသင်းသည် နိုင်ပွဲပြန် ရှာတွေ့ခဲ့ပြီး ပေးဂိုးမရှိဘဲ ဂိုးပြတ်အနိုင်ရခဲ့သဖြင့် ကျေနပ်စရာဖြစ်ခဲ့ရသည်။

ရန်ကုန်အသင်းသည် ဒေးဗစ်ထန်၊ ကျော်မင်းဦး၊ ရန်နိုင်ဦး၊ ထက်ဖြိုးဝေ၊ သီဟထက်အောင်၊ လမင်းထွေး၊ ဆန်းဆက်နိုင် (ဂိုး)တို့ဖြင့် ပွဲထွက်ခဲ့ပြီး မဟာယူနိုက်တက်အသင်းမှာမူအမာခံကစားသမား အစုံအလင် ဖြင့် ယှဉ်ပြိုင်ကစားခဲ့သည်။ ရန်ကုန်အသင်းသည် ပွဲစကတည်းကတိုက်စစ်ဖွင့်ကစားခဲ့ပြီး ပထမပိုင်းတွင် နှစ်ဂိုး၊ ဒုတိယပိုင်းတွင် သုံးဂိုး သွင်းယူနိုင်ခဲ့သည်။ မဟာယူနိုက်တက်အသင်းသည် နှစ်ပိုင်းစလုံး ပွဲပြီးခါနီး မိနစ် ၂၀ ဝန်းကျင်မှသာ ဂိုးများပေးခဲ့ရခြင်းဖြစ်ပြီး ငါးဂိုးအထိ ပေးခဲ့ရသဖြင့် နစ်နာခဲ့ရသည်။ ရန်ကုန်အသင်းအတွက် အဖွင့်ဂိုးကို ၃၃ မိနစ်တွင် ကွင်းလယ်ကစားသမား ဇော်ဝင်းသိန်းက သွင်းယူခဲ့ပြီး ပထမပိုင်းပြီးခါနီးတွင် လူငယ်တိုက်စစ်မှူး လမင်းထွေးက ဒုတိယဂိုး ထပ်မံသွင်းယူခဲ့သည်။ ပထမပိုင်းတွင် နှစ်ဂိုးပြတ်အနိုင်ရနေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ဒုတိယပိုင်းတွင် ပိုဖိကစား နိုင်ခဲ့သလို မဟာယူနိုက်တက် ခံစစ်မှာလည်း မိနစ် ၇၀ နောက်ပိုင်း ပြိုဆင်းသွားခဲ့သဖြင့် သုံးဂိုး ထပ်မံသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ၇၀၊ ၈၀၊ ၉၀+၂ မိနစ်တွင် လမင်းထွေးက သွင်းယူခဲ့ သည်။ ငါးပွဲစီကစားအပြီးတွင် ရန်ကုန်အသင်းက လေးပွဲနိုင်၊ တစ်ပွဲရှုံး၊ ၁၂ မှတ်၊ မဟာယူနိုက်တက်အသင်းက တစ်ပွဲနိုင်၊ လေးပွဲရှုံး၊ သုံးမှတ် ရရှိထားသည်။

ပွဲစဉ် (၅) တတိယနေ့ကိုဇူလိုင် ၂၅ ရက် (ယနေ့) တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဧရာဝတီအသင်း နှင့် အား/ကာသိပ္ပံအသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

ရဲရင့်လွင်၊ ဓာတ်ပုံ- MNL