မီးခိုးမထွက်သောစက်ရုံများ လည်ပတ်

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွင် ကိုဗစ်-၁၉ သက်ရောက်မှု များကုစားရေးကို ထည့်သွင်းထားသော မြန်မာ့စီးပွားရေး နာလန်ထူရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက်ကို မကြာမီ ထုတ်ပြန်သွားဖို့ရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (၁/၂၀၂၁) အစည်းအဝေးသို့ ဗီဒီယိုဖြင့် အမှာစကားပေးပို့ခဲ့သည်။

 

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း - MSDP (၂၀၁၈-၂၀၃၀) ကို ၂၀၁၈ ခုနှစ် သြဂုတ်လအတွင်းထုတ်ပြန်ခဲ့ရာ ယင်းစီမံကိန်းသည်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုဖော်ဆောင်မည့် နိုင်ငံတော်အစိုးရ၏ ပင်မစီမံချက်ဖြစ်သည်။ စီမံကိန်းတွင် ပြည်ထောင်စုဝန်ကြီးဌာနအားလုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်ရေးမူဘောင်ကို ချမှတ်ပေးကာ ၂၀၁၈ ခုနှစ်မှ စတင်အကောင် အထည်ဖော်လျက်ရှိသည်။

 

MSDP ၏အနှစ်ချုပ်သည် အလုပ်အကိုင်သစ်များဖန်တီးရေးနှင့် ပုဂ္ဂလိကကဏ္ဍကို စီးပွားရေးဖွံ့ဖြိုးမှု၏ ပင်မအင်ဂျင် မောင်းနှင်အားအဖြစ် အသိအမှတ်ပြုပြီး ဈေးကွက်အခြေခံဖြေရှင်းနည်းကို ဦးစားပေးထားသည်။ ရင်းနှီးမြှုပ်နှံသူများ အတွက် လာမည့်ကာလများအတွင်း ထွက်ပေါ်လာဖွယ်ရှိသော အခွင့်အလမ်းများနှင့် အစိုးရ၏ ဦးစားပေးအစီအစဉ် လမ်းညွှန်သဖွယ်အသုံးပြုနိုင်သည်။ စီမံကိန်းတွင် သဘာဝဘေးအန္တရာယ်များကြောင့် ကြုံတွေ့လာမည့်စိန်ခေါ်မှု အတွက် ဖြေရှင်းဆောင်ရွက်ရေးတို့ကိုပါ ထည့်သွင်းရေးဆွဲထားသည်။

 

၂၀၁၉ နှစ်အကုန်တွင် ကမ္ဘာ့နိုင်ငံများ၌ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလာပြီး ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများကူးစက်ပျံ့နှံ့ခဲ့သည်။ ကိုဗစ်-၁၉ ရောဂါ နောက်ဆက်တွဲပြဿနာကြောင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာမှုများဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါသက်ရောက်မှု များကို ပြန်လည်ကုစားကြရမည့် မဟာဗျူဟာများရေးဆွဲခဲ့ရာ ရေးဆွဲထားသည့် စီမံကိန်းတွင် မြန်မာ့စီးပွားရေး နာလန်ထူရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက်များပါ ပါဝင်သဖြင့် အလား အလာကောင်းများ ရလာနိုင်သည်။

 

MSDP စီမံကိန်းတွင် ခရီးသွားလုပ်ငန်းကဏ္ဍ အစဉ်ချဲ့ထွင်မှုအောင်မြင်ရေး၊ ယဉ်ကျေးမှုနှင့် ဂေဟခရီးသွားလုပ်ငန်း တို့ကိုအဓိကထား၍ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားမည်ဟုလျာထားခဲ့ပြီး ယခုအခါ ခရီးသွားကဏ္ဍ ပြန်လည်ထူထောင်ရေး မဟာဗျူဟာလမ်းပြမြေပုံကို ရေးဆွဲခဲ့ပြီးဖြစ်သည်။ အဆိုပါလမ်းပြမြေပုံတွင် ကာလတို၊ ကာလလတ်၊ ကာလရှည် မဟာဗျူဟာရည်မှန်းချက်များ ထည့်သွင်းရေးဆွဲထားပြီး ကိုဗစ်-၁၉ ကာလတွင် မြန်မာ့ စီးပွားရေးလုပ်ငန်း ပြန်လည်ကုစားရေးအစီအစဉ်နှင့် ချိတ်ဆက်ဆောင်ရွက် သွားမည်ဟု သိရသည်။

 

နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာရေးအတွက် လုပ်ငန်းနယ်ပယ်များကို ပြန်လည်ကုစားရာတွင် ခရီးသွားလုပ်ငန်း သည် အရေးကြီးပြီး အလွန်ကျယ်ပြန့်သည့်နယ်ပယ်ဖြစ်သည်။ အရင်းအနှီးနည်းပြီး အကျိုးရလဒ်အမြတ် များသည့်မီးခိုးမထွက်သောစက်ရုံများဟု တင်စားခေါ်ဆိုကြသည်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလာသောအခါ ခရီးသွား လုပ်ငန်းအပေါ် အပြင်းထန်ဆုံးထိခိုက်မှုဖြစ်ခဲ့သည်။ မှီခိုနေသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှု များစွာဖြစ်ခဲ့ရသည်။ ကမ္ဘာ့ခရီးသွား လုပ်ငန်းမှတ်တမ်းအရ ခရီးသွားလုပ်ငန်းနှင့် တိုက်ရိုက်ပတ်သက်သည့် အလုပ်အကိုင် သန်း ၁၀ဝ ခန့်ဆုံးရှုံးနေသည်ဟု သိရသည်။

 

ထို့ကြောင့် ခရီးသွားလုပ်ငန်းကို နာလန်ထူအောင် ပြန်လည်ဆောင်ရွက်ခြင်းဖြင့် မြန်မာ့စီးပွားရေးဦးမော့လာအောင် မဟာဗျူဟာစီမံချက်များကို လက်တွေ့အကောင်အထည်ဖော်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးစည်းကမ်းများနှင့်အညီ ခရီးသွားလုပ်ငန်းများကို စတင်အကောင်အထည်ဖော်နေပြီ ဖြစ်သည်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကိုသာမက ကျန်းမာရေးနှင့်ညီညွတ်ရေးကိုပါ စနစ်တကျဆောင်ရွက်ပြီး ခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများအပေါ် ပြည်တွင်း၊ ပြည်ပခရီးသွားများက ယုံကြည်စိတ်ချ။ လိုလားနှစ်သက်စွဲမက်မှုရှိစေရေးကို အခါအားလျော်စွာစစ်ဆေးခြင်း၊ ကြပ်မတ်ခြင်း၊ ထောက်ပံ့ကူညီခြင်းဖြင့် အောင်မြင်အောင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ စိန်ခေါ်မှုများသော ကိုဗစ်-၁၉ ကာလတွင် အကျိုးအမြတ်များသော ခရီးသွားလုပ်ငန်း မီးခိုးမထွက် သည့်စက်ရုံများ အောင်မြင်စွာပြန်လည်လည်ပတ်နိုင်အောင် ခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရေး မဟာဗျူဟာ လမ်းပြမြေပုံကို မြန်မာ့စီးပွားရေးလုပ်ငန်း ပြန်လည်ကုစားရေးအစီအစဉ်နှင့် ချိတ်ဆက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။   ။

ကြေးမုံ