ဝါရှင်တန် ဒီဇင်ဘာ ၂၅
အမေရိကန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်သည့် မီရက်ခ်မှ ထုတ်လုပ်သော ကိုဗစ်-၁၉ သောက်ဆေးများကို အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး (အက်ဖ်ဒီအေ)မှ ခွင့်ပြုချက်ပေးခဲ့သည်။
အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ်-၁၉ အပျော့စားရောဂါလက္ခဏာ ခံစားရသူများကို အဆိုပါဆေး အသုံးပြုခွင့်ပေးရန် အက်ဖ်ဒီအေက ခွင့်ပြုချက်ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါဆေးသည် ခန္ဓာကိုယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်များ အဆတိုးလာခြင်းကို ကာကွယ်ပေးသည်ဟု သိရသည်။
မီရက်ခ်ကုမ္ပဏီကြီးသည် လူနာပေါင်း ၃ ဒသမ ၁ သန်းအတွက် ဆေးဝါးထောက်ပံ့ပေးရန် အမေရိကန်အစိုးရနှင့် သဘောတူထားသည်။ ကိုဗစ်-၁၉ ရောဂါလက္ခဏာပြင်းထန်သည့် လူနာများဖြင့် လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် အက်ဖ်ဒီအေက ခွင့်ပြုချက်ပေးခဲ့ခြင်းဖြစ်သည်။
လူနာအတွက် အဆိုပါ ဆေးသောက်သုံးခြင်းဖြင့် ဆိုးကျိုးထက်ကောင်းကျိုးက အလေးသာသည်ဟု ကျန်းမာရေးစောင့်ရှောက်သူက ဆုံးဖြတ်ပြီးမှသာ ကိုယ်ဝန်ဆောင်များအတွက် ခွင့်ပြုချက် ပေးသွားမည်ဟု အက်ဖ်ဒီအေက ပြောသည်။
အင်န်အိတ်ချ်ကေ


