ကံမ ၁၀ ဖေဖော်ဝါရီ 

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်း ဖြတ်သန်း၍  ကြံခင်း-ပခုက္ကူ မီးရထားလမ်း ဖောက်လုပ်ရာတွင် ပါဝင်သွားသည့်     လယ်ယာမြေများအတွက် လျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၉  ရက် နံနက် ၁၀ နာရီက ကံမမြို့ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။      

 

အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနှင့် ဦးမြင့်အောင်တို့က အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းသိန်းနှင့် မြန်မာ့မီးရထားမှ အမှတ်(၉)တိုင်းတာဝန်ခံ ဦးအေးသိန်းတို့က မြေယာလျော်ကြေးငွေ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။ ထို့နောက် ကျေးရွာအုပ်စု ၁၃ အုပ်စုရှိ တောင်သူ ၃၉၀ ဦး၏ လယ်ယာမြေ စုစုပေါင်း ၃၆၆ ဒသမ ၁၉ ဧကအတွက် လျော်ကြေးငွေကျပ် ၅၉၉ ဒသမ ၃၄ သန်းကို ပေးအပ်ခဲ့ပြီး လျော်ကြေးငွေရရှိသည့် တောင်သူများ၏ကိုယ်စား ပုဇမ်းနိမ့်ကျေးရွာမှ      တောင်သူ ဦးရှိန်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ 

 

ကိုကိုကျော် (ကံမ)

 

m