ရန်ကုန် ၁၄ ဖေဖော်ဝါရီ
၁၉၉၇ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်တွင် အပန်းဖြေစခန်းအဖြစ် စက်မှုလက်မှု ရပ်ကွက်၊ မြခွာညိုလမ်းရှိ သာကေတမိကျောင်းမွေးမြူရေး စခန်းကို ဖွင့်လှစ်ခဲ့ရာ ယနေ့တိုင် ပိတ်ရက်မရှိ အများပြည်သူနှင့်နိုင်ငံခြား ခရီးသွားတို့ကိုပြသလျက်ရှိ၍ ရုံးပိတ်ရက်နှင့် ရက်ကြီးအခါကြီးတို့တွင် မိကျောင်းနှင့်အတူပြ ကွက်(၇)မျိုးကို ပြသလျက်ရှိကြောင်း သိရသည်။
ဧက(၄၀)ကျယ်ဝန်းသော ငမိုးရိပ်ချောင်းအနီးရှိ သာကေတမိကျောင်းမွေးမြူရေး စခန်းတွင် တစ်ပေအရွယ်မှ (၁၀)ပေ အထက် အရွယ်စုံ မိကျောင်းကောင်ရေ (၅၅၀) ကျော် မွေးမြူထားပြီး ထိုစခန်း၌ ကမ္ဘာတွင် ရှားပါးစပြုနေပြီဖြစ်သော ရေငန်မိကျောင်း တစ်မျိုးတည်းကိုသာ ထိန်းသိမ်းပြသလျက်ရှိရာ မြန်မာနိုင်ငံတွင် နက္ကခေါ် အင်းမိကျောင်း၊ သံသုမာ/ ငမိုးရိပ်ခေါ် ရေငန်မိကျောင်းနှင့် ကုမ္ဘိလမိကျောင်းနှင့် ထိုင်းမိကျောင်း စသော မျိုးစိပ်တို့ကိုတွေ့ရှိရမည်ဖြစ်ရာ သာကေတမိကျောင်းမွေးမြူရေးစခန်းတွင် သံသုမာ/ ငမိုးရိပ်ခေါ် ရေငန်မိကျောင်းကို မွေးမြူပြသလျက်ရှိသည်။
သာကေတမိကျောင်းမွေးမြူရေး အပန်းဖြေစခန်းတွင် ပြကွက်(၇)မျိုးကို ပြသလျက်ရှိရာ အများပြည်သူ စိတ်စင်စားသောပြကွက်မှာ မိကျောင်းပါးစပ်အတွင်း ပိုက်ဆံထည့်ပြီး ထိုပိုက်ဆံအား ပြသသူမှ ပါးစပ်ဖြင့်ကိုက်၍ ထုတ်ယူပြသသောပြကွက်၊ မိကျောင်းခေါင်းထိပြသောပြကွက်၊ ပါးစပ်ဟနေသော မိကျောင်းပါးစပ်အတွင်း လက်ကိုဖြတ်သန်း ပြသောပြကွက်တို့ဖြစ်သည်။
မိကျောင်းသည်ကုန်းမြေတွင် သွားလာနိုင်ပြီး ရေထဲတွင်လည်း အချိန်ကြာမြင့်စွာ ငုတ်လျှိုးနိုင်၍ သက်တမ်း(၇၀)မှ (၁၀ဝ)ထိ နေထိုင်နိုင်လျက် အထီးသည် အမထက် အရွယ်အစားပိုကြီးသောကြောင့် (၁၀)ပေရှည်သော အမထက် (၃)ပေပို၍ ရှည်လေ့ရှိကြောင်း သိရသည်။ ဖေဖော်ဝါရီလမှ စတင်မိတ်လိုက်တတ်ပြီး ဧပြီလတွင် စတင်ဥချကာ တစ်ကောင်လျှင်ဥလုံးရေ (၂၀) မှ (၇၀)ထိ ဥလေ့ရှိ၍ ရက် (၉၀) အကြာတွင် (၈)လက်မ အရွယ်ရှိ အကောင်ပေါက်များ ပေါက်လျက် တစ်နှစ်အကြာ တစ်ပေခန့်ကြီးထွားလေ့ရှိသည်။
သာကေတမိကျောင်းမွေးမြူရေး စခန်းသို့ နိုင်ငံခြားသားများနှင့် ပြည်သူများ လာရောက်လေ့လာလျက်ရှိရာ နွေးရာသီ ကျောင်းပိတ်ရက်နီးကပ်လာပြီဖြစ်၍ အများပြည်သူ စိတ်ဝင်စားသောနေရာတစ်ခုအဖြစ် ဝင်ငွေပိုမိုရရှိစေရန် အပန်းဖြေစခန်း သန့်ရှင်းသာယာလှပရန်၊ ကလေးကစားကွင်းထားရှိရန်၊ အပန်းဖြေပန်းခြံနှင့် စားသောက်ဆိုင်တန်းတို့ကို စနစ်ကျစွာ ဖွင့်လှစ်ထားရှိနိုင်ပါက ဧည့်သည်များကို ပိုမိုစွဲဆောင်စေလျက် ဝင်ငွေတိုးမြင့်ရရှိစေမည်ဟု လာရောက်လည်ပတ်သူအချို့က ပြောသည်။
သန်းထိုက်
ဓာတ်ပုံ -သန်းစိုး


