နေပြည်တော် ဇန်နဝါရီ ၃

 

မိန်းကလေးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်နေ ကိုလင်း (ခ) လင်းခန့်ကျော်၊ မနှင်းဝေဝေ (ခ) သဲသဲ၊ ရဲဇော်ထွေး၊ ချစ်သဲမောင်၊ အင်းစိန်မြို့နယ်နေ ဒေါ်စိုးစိုးနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နေ ရဲဝင်းအောင်တို့က လှိုင်သာယာမြို့နယ်နေ မ xxx ၊ ၁၅နှစ် ကို တရုတ်နိုင်ငံရှိ စားသောက်ဆိုင်တွင် အလုပ်လုပ်ကိုင်ပါက တစ်လလျှင် ငွေကျပ် (၁၅) သိန်း ရမည်ဟု စည်းရုံးပြောဆို၍ တရုတ်အမျိုးသားထံ ပို့ဆောင်ရောင်းစားခဲ့သဖြင့် လှိုင်သာယာမြို့ရဲစခန်း (ပ) ၅၇၇/ ၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၈/ ၃၂ ဖြင့် မြောက်ပိုင်းခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၂၉ ရက် တွင် တရားခံ  မနှင်းဝေဝေ (ခ) သဲသဲ၊ ရဲဇော်ထွေး၊ ချစ်သဲမောင်၊ ဒေါ်စိုးစိုးနှင့် ရဲဝင်းအောင်တို့ ငါးဦးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၈ (က) အရ အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ စီကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

 

အလားတူ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နေ ဒေါ်ဆောင်းမြင့် (ခ) ခင်မြင့်က မြစ်ကြီးနားမြို့နေ မ  xxx ၊၂၀နှစ်နှင့်  xxx ၊ ၁၆နှစ် တို့ကို တရုတ်နိုင်ငံတွင် လစာကောင်းသည့် အလုပ်ရှိကြောင်း စည်းရုံးပြောဆို၍ တရုတ်အမျိုးသားများထံ ပို့ဆောင်ရောင်းစားခဲ့သဖြင့် တာလောကြီး နယ်မြေရဲစခန်း(ပ) ၂၁/ ၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မြစ်ကြီးနားခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၂၉ ရက် တွင် တရားခံ ဒေါ်ဆောင်းမြင့် (ခ) ခင်မြင့်ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်