မြိတ်မြို့မှ မောတောင်သို့ ထွက်ခွာလာသည့် ခရီးသည်တင် မော်တော်ယာဉ်အား PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ခရီးသွားပြည်သူ တစ်ဦးသေဆုံး၊ ခြောက်ဦး ထိခိုက်ဒဏ်ရာရ

 

နေပြည်တော်၊ မေ ၈

CRPH၊ NUG အဖွဲ့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက မြိတ်မြို့မှ မောတောင်သို့ ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်တစ်စီးအား မေ ၇ ရက် ညနေပိုင်းတွင် လက်လုပ်မိုင်းတစ်လုံး ဖောက်ခွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ခရီးသွားပြည်သူတစ်ဦး သေဆုံးပြီး ခြောက်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဆေးဝါးကုသမှုဆောင်ရွက်ပေး

 

ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှ မောတောင်သို့ ထွက်ခွာလာသည့် Nissan Navara အမျိုးအစား ခရီးသည်တင်ယာဉ်သည် မေ ၇ ရက် ညနေ ၄ နာရီခန့်တွင် တနင်္သာရီမြို့နယ် ဇဝဲကျေးရွာနှင့် လသာကျေးရွာအကြား မိုင်တိုင်အမှတ်(၃၃/၃) နေရာသို့ရောက်ရှိစဉ် CRPH၊ NUG အဖွဲ့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ခရီးသွားပြည်သူ အမျိုးသားတစ်ဦး သေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် အဆိုပါ ဒဏ်ရာရပြည်သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မြိတ်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

mdn

 

ထိုသို့ အပြစ်မဲ့အရပ်သား ပြည်သူများ စီးနင်းလိုက်ပါလာသည့် ခရီးသွားယာဉ်အား ဆင်ခြင်တုံတရားမဲ့စွာ မိုင်းခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများကို ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ ဖြစ်စဉ်မှ ဆေးရုံ တက်ရောက်ကုသမှု ခံယူလျက်ရှိသည့် လူနာများအား ယနေ့မွန်းလွဲပိုင်းတွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 mdn