မိတ္ထီလာ အောက်တိုဘာ ၉
မိတ္ထီလာတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိတ္ထီလာကန်လယ်တွင် တည်ထားကိုးကွယ်သော မိုးကောင်းအန္တကူ ရေလယ်စေတီတော်တံတားပေါ်တွင် ကန်ရေကျော်၍ ယနေ့ အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက စတင်ပြီး တံတားပေါ်မှ ဖြတ်သန်းဖူးမြော်ခွင့် ယာယီပိတ်ထားကြောင်း သိရသည်။
“မိုးကောင်းအန္တကူ ရေလယ်စေတီတော်တံတားပေါ်ကို ယနေ့ ကန်ရေကျော်တက်ရောက်ရှိတာမို့ တံတားပေါ်က ဖြတ်သန်းပြီး ဘုရားဖူးခွင့် ယာယီပိတ်ထားပါတယ်။ မိုးက အဆက်မပြတ်ရွာသွန်းပြီး မိတ္ထီလာကန် ရေပြည့်လာတာကြောင့် မိုးကောင်းအန္တကူ ရေလယ်စေတီတော် အနောက်ဘက်က အ.ထ.က ၁ ကန်ပတ်လမ်းပေါ်လည်း ကန်ရေကျော်တက်ရောက်ရှိနေပါပြီ။ မိုးကောင်းအန္တကူ ရေလယ်စေတီတော် ထောင့်လေးထောင့်မှာရှိတဲ့ နဂါးရုပ်ထုတွေကို ကန်ရေထိတာကြည့်ပြီး ကန်ရေပြည့်မှတ်ကို ဒေသခံတွေမှတ်သားလေ့ရှိတယ်။ ဒီနေ့တော့ နဂါးရုပ်ထုလေးခုစလုံး ကန်ရေအောက်ကို ရောက်ရှိသွားတဲ့အထိ ဖြစ်နေပြီမို့ ကန်ရေပြည့်မှတ်လည်း ကျော်ပြီလို့ ပြောလို့ရပါတယ်။ မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းပေါ်မှာရှိတဲ့ မိတ္ထီလာကန်ကူးတံတား မြောက်ဘက် ဇေယျာမုနိကျောက်တော်ကြီးဘုရားရှိရာ ကန်ပတ်လမ်းမှာ လည်းကန်ရေတွေ ဝင်ရောက်နေတဲ့အပြင် မြောက်ကန်မှာရှိတဲ့ ဓမ္မသုခ ရွှေစည်းခုံစေတီတော်အနီးက ရေကျော်နေရာမှာလည်း ကန်ရေကျော်တက်နေတာမို့ အဲဒီနေရာက ဖြတ်သန်းသွားလာခွင့်လည်း ယာယီပိတ်ထားပါတယ်”ဟု မိတ္ထီလာ ဒေသခံတစ်ဦးက ပြောသည်။
မိတ္ထီလာတွင် ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကန်ရေပြည့်သည့်အထိ မိတ္ထီလာကန်ရေဝင်ရောက်ခဲ့ပြီး ၅ နှစ်ခန့်ကြာမြင့်ချိန်တွင် ယခုကဲ့သို့ မိတ္ထီလာကန်ရေပြည့်ခြင်းကို ပြန်လည်ကြုံတွေ့ခြင်းဖြစ်ကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)


