မိတ္ထီလာ ၆  ဇွန် 

မိတ္ထီလာမြို့ ကြက်ခြေနီသူနာပြုတပ်ဖွဲ့တွင် အဖွဲ့၏ရန်ပုံငွေဖြင့် ကြီးကြပ်မှုကော်မတီနှင့်တိုင်ပင်၍ဝယ်ယူထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဝတ်စုံ ၆ စုံသာရှိပြီး တစ်ခါသုံးလက်အိတ်များ၊     Face Mask နှာခေါင်းစည်းများနှင့် အခြားအထောက်အကူပြုပစ္စည်းများ လိုအပ်လျက်ရှိကြောင်း သိရသည်။

မိတ္ထီလာကြက်ခြေနီသူနာပြုတပ်ဖွဲ့မှာ  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးထိန်းချုပ်ကုသရေးလုပ်ငန်းတွေမှာ တကယ်တမ်း သုံးဖို့လိုလာပြီဆိုရင်အသုံးပြုနိုင်ဖို့ကြီးကြပ်မှုကော်မတီနဲ့တိုင်ပင်ပြီး အဖွဲ့ ရန်ပုံငွေထဲက ဝယ်ယူထားတဲ့ PPE  ဝတ်စုံ ၆ စုံပဲရှိပါတယ်။ ကျန်တဲ့ တစ်ခါသုံးလက်အိတ်တွေ၊   နှာခေါင်းစည်း Face  Mask တွေနဲ့ တခြားအခြေခံအထောက်အကူပစ္စည်းတွေတော့ လိုအပ်ချက်ရှိနေပါသေးတယ်။ လက်ရှိမှာတော့ မိတ္ထီလာကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်တွေအနေနဲ့ မြို့နယ်အတွင်းမှာ ပိုးသတ်ဆေးဖျန်းဖို့လိုအပ်
လို့ ဆက်သွယ်တဲ့ ရပ်ကွက်တွေမှာ လိုက်လံပြီးတော့ ဆေးဖျန်းပေးခြင်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။ လာမယ့် ဧပြီလ ၈ ရက်နေ့ မှာလည်း မိတ္ထီလာဈေးကြီးအတွင်း လာရောက်ဈေးရောင်းဈေးဝယ်ပြုကြသူတွေကို ကျန်းမာရေးအသိပညာပေးတာ၊ ကိုယ်အပူချိန်တိုင်းတာ၊ လက်ဆေးနေရာများထားပေးပြီး လက်ဆေးကြဖို့ တိုက်တွန်းဆောင်ရွက်တာကိုလည်း ဈေးတာဝန်ရှိသူတွေ၊ အလှူရှင်တွေ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါတယ်ဟု မိတ္ထီလာကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး 
ဦးနေဦး က ပြောသည်။

မိတ္ထီလာမြို့ရှိဒေသခံစေတနာရှင်အလှူများမှ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် လိုအပ်လျက်ရှိသည့် လှူဒါန်းငွေများ၊ အထောက်အကူပြုပစ္စည်းများကို ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ ဆက်သွယ်လှူဒါန်းခြင်း၊ စေတနာရှင်အလှူရှင်တစ်ချို့က Quaratine နေရာများတွင်နေထိုင်သူများနှင့် ရပ်ကွက်များအတွင်းမှ ဝင်ငွေနည်းမိသားစုများအား ဆန်၊ဆီ ၊ ကြက်ဥနှင့် အခြေခံစားသောက်ကုန်များ တစ်ပိုင်တစ်နိုင် လိုက်လံလှူဒါန်းထောက်ပံ့ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ချမ်းသာ (မိတ္ထီလာ)