မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး)စစ်တုရင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မြိတ်        ဇူလိုင်       ၈

 

မြိတ်တက္ကသိုလ်တွင် ကျောင်းသား ကျောင်းသူများအား တက္ကသိုလ်ပညာရပ်များအပြင် ကာယ/ဉာဏ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ  ဘာသာရပ်ပေါင်းစုံ (အမျိုးသား အမျိုးသမီး) စစ်တုရင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇူလိုင်(၇)ရက် မွန်းလွဲပိုင်းက တက္ကသိုလ်အားကစားခန်းမတွင်  ကျင်းပခဲ့သည်။

 

ဗိုလ်လုပွဲ အမျိုးသားပြိုင်ပွဲတွင် ရူပဗေဒအသင်းမှ အားကစားသမားနှင့် သတ္တဗေဒအသင်းမှ အားကစား သမားတို့ ယှဉ်ပြိုင်ခဲ့ကြရာ ရူပဗေဒအသင်းမှ အားကစားသမားက အနိုင်ရရှိခဲ့ပြီး အမျိုးသမီး ပြိုင်ပွဲတွင် မြန်မာစာ အသင်းမှ အားကစားသမားနှင့် ရူပဗေဒအသင်းမှ အားကစားသမားတို့ ယှဉ်ပြိုင်ခဲ့ကြရာ မြန်မာစာအသင်းမှ အားကစားသမားကအနိုင်ရရှိခဲ့ကြသည်။ ပြိုင်ပွဲကို တက္ကသိုလ်ပါမောက္ခချုပ်၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

 

ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ကျင်းပခဲ့ရာ ပြိုင်ပွဲတစ်လျှောက် တာဝန်ယူဆောင်ရွက်ပေးသော ဒိုင်လူကြီးများအား အမှတ်တရလက်ဆောင်ကို စစ်တုရင်ပြိုင်ပွဲကျင်းပရေးကော်မတီဉက္ကဋ္ဌ ဒေါက်တာ ရင်ရင်မြကလည်းကောင်း၊  အမျိုးသမီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသော အားကစားသမားအား ဒုပါမောက္ခချုပ် ဒေါက်တာ သီတာ က လည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသော အားကစားသမားအား  ပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းသန်းက လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

ပြိုင်ပွဲကို အမျိုးသား/ အမျိုးသမီး  အလွတ်တန်းပြိုင်ပွဲ အမျိုးအစားဖြင့် ကျင်းပခဲ့ပြီး ဘာသာရပ်(၆)ခုမှ ကျောင်းသား ကျောင်းသူ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ၍ ပြိုင်ပွဲကို ဇူလိုင်လ(၆)ရက်မှ (၇)ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။

 

ခိုင်ထူး ( ပြန်/ဆက် )