ရန်ကုန် စက်တင်ဘာ ၂၁
အားကစားနှင့် ကာယပညာဦးစီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် Myanmar Martial Art Group(MMAG)တို့ ပူးပေါင်းစီစဉ်ပြီး မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က အဓိကပံ့ပိုးကူညီသည့် Myanmar Fight မျိုးဆက်သစ် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူအားကစားရုံ၌ တွဲဆိုင်း ၁၁ ဆိုင်းဖြင့် ကျင်းပသည်။
အဆိုပါပြိုင်ပွဲတွင်သုံးချီပွဲ၌ရဲရင့် (ကျားဘုရင်)နှင့် မန်းညီ(YFC Club)၊ နိုင်ဇင်ဦး(ကျားဘုရင်)နှင့် ရှိုင်းထက် ဦး(Wannion)၊ နေလ(တော်ဝင်ဧရာ) နှင့် ပြည့်ဖြိုးအောင် (ကျားဘုရင်)၊ အောင်ကောင်းခန့် (STL Club)နှင့် စောထူးဒယ်(Phonenix Club)၊ ကျော်ကြီး(တော်ဝင်ဧရာ)နှင့် အောင်ဆန်းလင်း(ခေးယူးဝါး)၊ အောင်ကိုဦး (MFC Club)နှင့် ကျားမာန်ဟိန်း (Smart Fight)၊ သက်ထားစံ (Wannion) နှင့် Ray ( Do Jo Nine)တို့ အကြိတ်အနယ်ယှဉ်ပြိုင်ထိုးသတ်ကြသော်လည်း အလူးအလဲဖြင့် ပူးတွဲ သရေရလဒ်သာ ထွက်ပေါ်ခဲ့သည်။
ထို့ပြင် စိန်သန်းဦး(ခေးယူးဝါး)က ဖြိုးမောင်မောင်(MFC Club)ကို တတိယအချီတွင်လည်းကောင်း၊ စောရူဘီ (YMA Club)က ခွန်မင်းမင်း (MFC Club)ကို ဒုတိယအချီတွင်လည်းကောင်း၊ မိုးကြိုး(Bago Club)က စောပိုဒ်အောင် (မြောက်ဥက္ကလာ)ကို ပထမအချီတွင်လည်းကောင်း၊ ကောင်းထက်ဇော်(STL Club)က ပေါလု(Phonenix Club)ကို ဒုတိယအချီတွင်လည်းကောင်း အလဲထိုးဖြင့် အနိုင်ရရှိခဲ့ကြသည်။
လင်းရာမ


