တင်ထက်ထက်ဇော်
ရေကြီးခြင်းသည် ကမ္ဘာပေါ်တွင် နှစ်စဉ်လူအသေအပျောက်အများဆုံး သဘာဝဘေးအန္တရာယ် ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများ အဆမတန် ကြီးထွားလာခဲ့သည်။ ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်၏ မှတ်တမ်းများအရ ကမ္ဘာတစ်ဝန်း ရေကြီး ရေလျှံမှုများကြောင့် နှစ်စဉ်ပျက်စီးဆုံးရှုံးမှု များပြားလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် တစ်ခုတည်းမှာပင် တောင်အာရှဒေသတစ်ဝန်း ပြင်းထန်သော ရေလွှမ်းမိုးမှုများကြောင့် လူပေါင်း ၆၅၀၀ သေဆုံးခဲ့ပြီး စီးပွားရေးအရ ဒေါ်လာ ၁၀၅ ဘီလီယံ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ရာသီဥတု ပြောင်းလဲလာခြင်း၊ မုန်တိုင်းများ ဖြစ်ပေါ်ခြင်း၊ ဂေဟစနစ်ယိုယွင်းလာခြင်း၊ ရေကြီးမှု ဖြစ်ရာဒေသအထက်ပိုင်း၌ မြေယာအသုံးပြုမှု များပြားလာခြင်းနှင့် ရေလွှမ်းမိုးမှု မကြာခဏ ဖြစ်ပေါ်လေ့ရှိသည့် ဒေသများတွင် လူဦးရေနှင့် အဆောက်အအုံများ အဆက်မပြတ် တိုးပွားနေခြင်း၊ မိုးသည်းထန်စွာရွာသွန်းသည့် အကြိမ်ရေတိုးလာ ခြင်း စသည်တို့သည် ရေကြီးရေလျှံ ဖြစ်ပေါ်ရသည့် အဓိကအကြောင်းရင်း များဖြစ်သည်။
မြန်မာနိုင်ငံနှင့် ရေကြီးရေလျှံခြင်းအန္တရာယ်
မြန်မာနိုင်ငံတွင် နှစ်စဉ်ရေကြီးမှု သုံးကြိမ်ဖြစ်ပေါ်လေ့ရှိသည်။ ၎င်းတို့မှာ ဇွန်လ (မိုးဦးကာလ) တွင် တစ်ကြိမ်၊ ဇူလိုင်လမှ သြဂုတ်လအတွင်း (မိုးလယ် ကာလ)တွင် တစ်ကြိမ်၊ စက်တင်ဘာလမှ အောက်တိုဘာလအတွင်း (မိုးနှောင်းနှင့် မိုးလွန်ကာလ)တွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဇွန်လမှ အောက်တိုဘာလကို မိုးရာသီဟု သတ်မှတ်ထားသော်လည်း ယခုနှစ် မေလမှစ၍ ရွာသွန်းခဲ့သောမိုးကြောင့် ရေကြီးခြင်းများ ဖြစ်ပေါ်လာရသည်။ အချို့ဒေသများတွင် ရေလွှမ်းမိုးခြင်းများ ဖြစ်ပေါ်နေပြီး ရေဘေးဒုက္ခများကို ကြုံတွေ့နေရသည်။
လတ်တလောတွင်လည်း တုံကင်ပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော အပူပိုင်းမုန်တိုင်း “ဝီဖာ” ကြောင့် ဇူလိုင်လ ၂၁ ရက်နေ့ ညနေမှ ဇူလိုင်လ ၂၈ ရက်နေ့အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာနက ဇူလိုင်လ ၂၁ ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသများအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး ရေလျှံခြင်းများ ကြိုတင်သတိပြုရှောင်ရှား ရန် လိုအပ်ကြောင်း သတိပေးထားသည်။
၂၀၂၅ ခုနှစ်သည် ကမ္ဘာကြီး၌ သဘာဝဘေးအန္တရာယ်များ ပိုမိုများပြား လာသည့်နှစ်ဟု ဆိုနိုင်သည်။ အထူး သဖြင့် အဖျက်စွမ်းအား ပြင်းထန်သည့် ရေကြီးရေလျှံမှုများကို အာရှဒေသနိုင်ငံ အများအပြား၌ ခံစားလာကြရသည်။ သို့ပါ၍ နှစ်စဉ်ရှောင်လွှဲမရနိုင်သော သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သည့် ရေလွှမ်းမိုးခြင်းဖြစ်စဉ်ကို သတိပြုကာကွယ်ရန်နှင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် အထူး လိုအပ်ပါသည်။
ရေလွှမ်းမိုးမှုမဖြစ်မီ ကြိုတင်ဆောင်ရွက်ရန်
မိမိအိမ်ပတ်ဝန်းကျင်ရှိ ဘေးအန္တရာယ် ဖြစ်နိုင်ခြေများနှင့် အိမ်၏ကြံ့ခိုင်မှုကို စစ်ဆေးပါ။ မိသားစုများ အရေးပေါ် ပြောင်းရွှေ့နိုင်ရန် နေရာ၊ လမ်းကြောင်းများနှင့် မိသားစုဆုံရပ်ကို ကြိုတင် သတ်မှတ် ထားရပါမည်။ (ဥပမာ အသက် ကယ်ကုန်းမြင့်၊ ရေလွတ်နိုင်သည့်နေရာများ၊ အဆောက်အအုံများ)။ ရေစိုပျက်စီး နိုင်သောပစ္စည်းများကို ခြောက်သွေ့၍ မြင့်သောနေရာတွင်ထားရှိပါ။ အရေးပေါ် သုံးပစ္စည်းများ၊ စားရေရိက္ခာနှင့် အရေး ကြီးစာရွက်စာတမ်းများကို မိမိနှင့်အတူ ထားပါ။ မိသားစုဝင်များ ကွဲကွာသွားပါက ပြန်လည်ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့် လိပ်စာတို့ကို ရေးသားထားပြီး မိသားစု ဝင်တိုင်းယူဆောင်ထားပါ။ သောက်သုံးရေများ ကြိုတင်စုဆောင်းထားပါ။ အရေး ပေါ်သုံးပစ္စည်းများနှင့် အရေးပေါ်အသက် ကယ်ပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရပါမည်။ (ဥပမာ အသက်ကယ်အင်္ကျီ၊ ဗောကွင်း၊ လေလုံပိတ်ရေပုံးအလွတ်၊ ငှက်ပျောတုံး၊ သစ်တုံး၊ တာယာကျွတ်)။
မိမိပတ်ဝန်းကျင်ရှိ မြစ်ချောင်းများ၏ အန္တရာယ်ရှိနိုင်သော ရေကြီးမှုအမြင့်ပေများကို သိရှိ မှတ်သားထားရပါမည်။ မြေနိမ့်ဒေသ၊ ချိုင့်၊ ရေနုတ်မြောင်း အစရှိသည့် ရေလွှမ်းမိုးပါက အန္တရာယ် ဖြစ်စေနိုင်သော နေရာများကို မြင်သာသော အမှတ်အသားထားရှိပါ။ ကိုယ်နေထိုင်သော အရပ်ဒေသ၏ ရေလွှမ်းမိုးနိုင်သော အန္တရာယ်အနေအထားနှင့် ဒေသမြေမျက်နှာပြင်ရှိ အနေအထားကို ကြိုတင် သိအောင် လေ့လာထားပါ။ ပတ်ဝန်းကျင်ကုန်းမြေအနေအထားနှင့် မိမိဒေသ အနီးတစ်ဝိုက်တွင်ရှိသော ချောင်းများ၊ တာတမံများနှင့် မည်သို့ ဆက်စပ်မှုရှိကြောင်းကို လေ့လာထားရ ပါမည်။ ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်သော ရေလွှမ်းမိုးမှုနှင့်ပတ်သက် သည့် သတိပေးချက်များကို အမြဲမပြတ် နားထောင်ရပါမည်။
ရေကြီးခြင်းဖြစ်ပေါ်နေချိန် ရှောင်ရှားရန်
ရေထဲတွင် ရေကူးခြင်း၊ လမ်းလျှောက် ခြင်း မပြုလုပ်ပါနှင့်။ ရေစိုနေသော လျှပ်စစ်ပစ္စည်းများကို အသုံးမပြုပါနှင့်။ အိမ်မွေးတိရစ္ဆာန်များကို မလိုအပ်ဘဲ ချည်နှောင်ထားခြင်း မပြုလုပ်ပါနှင့်။ ရေကြီးသော ဒေသများတွင် မြစ်၊ ချောင်း ကမ်းပါးတိုက်စားပြီး ပြိုကျတတ်သော ကြောင့် မြစ်၊ ချောင်းကမ်းပါးများအနီးသို့ မသွားပါနှင့်။ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ မိန်းခလုတ်ကို ပိတ်ထားပါ။ သောက်သုံး ရေသန့် သို့မဟုတ် ကျိုချက်ထားသောရေ သို့မဟုတ် ရေသန့်ဆေးခတ်ထားသော ရေကိုသာ အမြဲသောက်သုံးပါ။ အဆိပ်ရှိသော တိရစ္ဆာန်များ အိမ်၊ ခြံအတွင်း၌ ရှိ၊ မရှိ စစ်ဆေးပါ။ သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသော မိုးလေဝသ သတင်းများကို စဉ်ဆက်မပြတ် နားထောင်ပြီး အကြံပြုချက်များကို လိုက်နာရပါမည်။
ဆူနာမီအန္တရာယ် ကြိုတင်ကာကွယ်
ဆူနာမီဆိုသည်မှာ ပင်လယ်သမုဒ္ဒရာ ရေအောက်ကြမ်းပြင် ရွေ့လျားခြင်း၊ မြေပြိုခြင်း၊ ရေအောက် မီးတောင် ပေါက်ကွဲခြင်းများကြောင့် ဖြစ်ပေါ်လာ သည့် အလွန်ကြီးမားသော လှိုင်းလုံးကြီးများ ဖြစ်သည်။
ပင်လယ်ကမ်းရိုးတန်းဒေသတွင် နေထိုင်သူများအနေဖြင့် ငလျင်လှုပ်ပြီး နောက်ထုတ်ပြန်သော ဆူနာမီသတိပေး ချက်များကို သတိပြုနားထောင်ပါ။ ဆူနာမီအန္တရာယ်မှ ပြေးခိုနိုင်မည့်နေရာ (ကုန်းတွင်းပိုင်း ကုန်းမြင့်သို့) သွားရမည့် လမ်းကြောင်းအား အတိုဆုံးရေးဆွဲပြီး မိသားစုဆုံရပ်များ သတ်မှတ်ထားရန် လိုအပ်ပါသည်။ ပင်လယ်ကမ်းရိုးတန်းတွင် နေထိုင်သူများအနေဖြင့် အရေးပေါ် သုံးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါသည်။ ပင်လယ်ကမ်းရိုးတန်း ဒေသများတွင် ဒီရေတောများ၊ လှိုင်းခွဲတာတမံများကို သက်ဆိုင်ရာအဖွဲ့အစည်း များက ဆောင်ရွက်ပေးထားသည့် အသက်ကယ် ကုန်းမြင့်များအဖြစ် မှတ်သားထားရပါမည်။
အချိန်အခါမရွေး ရင်ဆိုင်ကြုံတွေ့ ရနိုင်သည့်ဘေးအန္တရာယ်များကို အန်တုရာ၌ ကြိုတင်ပြင်ဆင်မှု အားမကောင်းပါက ပျက်စီးဆုံးရှုံးမှုကိုလည်း ကြီးမားစေမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ် များသည် ရှောင်လွှဲ၍မရသော်လည်း ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေးနှင့် ပျက်စီးဆုံးရှုံးမှု လျော့ပါး သက်သာစေရေးမှာ စွမ်းဆောင်ရည်ရှိသည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအပေါ် မူတည် နေပါသည်။ ရေဘေးအန္တရာယ်ကို စီမံဆောင်ရွက်ရာတွင်လည်း ကြိုတင်ပြင်ဆင်မှု၊ အရေးပေါ်တုံ့ပြန်မှု၊ ပြန်လည် ထူထောင်မှုဟူသော အပိုင်းများကို စနစ်တကျ အကောင်အထည်ဖော်နိုင်မှသာ သဘာဝဘေးကို ကြံ့ကြံ့ခံတုံ့ပြန် နိုင်စွမ်းရှိသည့် လူမှုအသိုက်အဝန်းတစ်ခုကို တည်ဆောက်နိုင်မည် ဖြစ်သည်။
သို့ပါ၍ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီးရေလျှံမှုများကို အထူးသတိပြု ကြရန် လိုအပ်ပါကြောင်းနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်များကို အမြဲနားစွင့်ကာ ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာခြင်း ဖြင့် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်ကြစေရန် ရေးသားလိုက်ရပါသည်။


