ကိုရင်မောင်
ဈေးဝယ်စင်တာများ၊ ရှောပင်းမောများသို့ ဈေးဝယ်ထွက်သည့်အခါ သစ်သီးဝလံ အစားအသောက်အရောင်းခန်းမများ၌ “ဒါက ယိုးဒယားလိမ္မော်၊ ဒါက တရုတ်ပန်းသီး” စသည့်စိုက်ပျိုးရေးထုတ်ကုန်များကို တွေ့လိုက်တိုင်း၊ ကြားလိုက်တိုင်း စိုက်ပျိုးရေးကို တန်ဖိုးထားသည့် ကျွန်တော်၏ နှလုံးသား၌ မခံချိ၊ မခံသာဖြစ်ရသည်။ ကျွန်တော်တို့ နိုင်ငံတွင် ရေခံမြေခံကောင်းများ ပေါများသည်။ ရေ၊ မြေ လုံလောက်အောင်ရှိသည်။ အဆိုပါသီးနှံများ အပါအဝင် ကောက်ပဲသီးနှံမျိုးစုံတို့ကို စိုက်ပျိုးနိုင်သည်။ အသီးအနှံများလည်း အထွက်ကောင်းသည်။ သို့သော် ဈေးကွက်တွင် မျက်နှာပန်းမလှ ဖြစ်နေသည့်အတွက် အားမလိုအားမရ ဖြစ်မိသည်။
အခြားနိုင်ငံများမှ မြန်မာနိုင်ငံသို့ တင်သွင်းလာသော အသီးအနှံများမှာ အရောင်အသွေးက လည်းလှ၊ အနံ့အရသာကလည်းကောင်း၊ သီးလုံးသီးပွင့်အနေအထား အရွယ်အစားကလည်း တင့်တယ် ဘာဆိုဘာမျှ ပြောစရာမလိုလောက်အောင်ပင်။ ကျွန်တော်တို့ စားသုံးသူများအနေဖြင့် မျက်စိကျလောက်အောင်ပင် စိတ်ဝင်တစား ရှိနေကြသည်။ ဈေးနှုန်းကများသော်လည်း အရည် အသွေး၊ အရည်အချင်းကကောင်းနေသဖြင့် သူ့ဈေးနှင့်သူ၊ သူ့တန်ဖိုးနှင့်သူ၊ ဈေးကွက်တန်ဖိုးအရ မှန်တော့လည်း မှန်နေသည်။ အပြစ်ပြောစရာမရှိ၊ မိမိတို့ညံ့လို့ ဘောင်တန်းမဝင်ဖြစ်ရသည်ဟုသာ နားလည်ပေးလိုက်ရသည်။
အကောင်အထည်ဖော်
လိုရင်းမှာ “မျိုး”နှင့် နည်းပညာသာဖြစ်ဟု သဘောပေါက်မိသည်။ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက် သည့် နိုင်ငံအများစုသည် မြန်မာနိုင်ငံကဲ့သို့ ရေခံ၊ မြေခံကောင်းများ မရှိသော်လည်း ယင်းတို့နိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းမှုနှင့် သီးနှံအရည်အသွေးပြည့်မီ မှုတို့အား အောင်မြင်အောင် လုပ်နိုင်ကြသည်ကို တွေ့ရသည်။ စိုက်ပျိုးရေးနည်းပညာ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုတို့သည် အားကျစရာ ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲသည် နိုင်ငံတကာ ခရီးစဉ်အများစုတွင် ထိုနိုင်ငံများ၏ စိုက်ပျိုးရေး လုပ်ငန်းများ၌ အောင်မြင်ဖြစ်ထွန်းရခြင်း အကြောင်းရင်းများကို အသေးစိတ် စိတ်ပါဝင်စားစွာ လေ့လာခဲ့သလို မိမိနိုင်ငံတွင်လည်း အကောင်အထည်ဖော်နိုင်အောင် လမ်းညွှန်မှာကြားခြင်းနှင့် လက်တွေ့လည်း အကောင်အထည်ဖော်ခြင်းများ ပြုလုပ်ပေးနေသည်ကို တွေ့ရသည်။
တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ သီးနှံအထွက် တိုးရေးဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် သီးနှံများကို ပန်းတိုင်အထွက်နှုန်းများရရှိရေး၊ မျိုးကောင်းမျိုးသန့် ပြောင်းလဲသုံးစွဲရေး၊ မြေစနစ် တကျပြုပြင်ရေး၊ သဘာဝမြေဩဇာ အချိုးကျသုံးစွဲရေး၊ အောင်ရေရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ တောင်သူများအတွက် မျိုးကောင်းမျိုးသန့်များ အလွယ်တကူ ရရှိ နိုင်စေရန် မျိုးစေ့ထုတ်လုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်ပေးခြင်း၊ မျိုးစေ့ထုတ် အထူးဇုန်များ ဖော်ထုတ်ပေးခြင်းတို့အပြင် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များနှင့် အထွက်တိုးရေးဆိုင်ရာ သုတေသနများကို လေ့လာနိုင်ရန် မျိုးစေ့ပြပွဲများကို နှစ်စဉ် ဆောင်ရွက်ပေးလျက်ရှိသည်။
မြေကြီးက ရွှေသီးသလို
စိုက်ပျိုးရေးလုပ်ငန်းတွင် “မျိုး၊ မြေ၊ ရေ၊ နည်း” ဤလေးနည်းဟူသည့် အရေးပါသည့် အချက်များနှင့် ပတ်သက်၍ နိုင်ငံတော်အကြီးအကဲ မကြာခဏ လမ်းညွှန်မှုများကို မှတ်သားလိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဤလေးနည်းပိုင်လျှင် စိုက်ပျိုးရေး၌ အောင်မြင်မှုများ ရရှိလာမည်မှာ အမှန်ဖြစ်သည်။ ဤလေးနည်း အနက် “မျိုး”ဟူသောအချက်သည် အဓိကအကျဆုံးဟု ဆိုချင်ပါသည်။ မြေကောင်းသော်လည်း၊ ရေကောင်းသော်လည်း၊ စိုက်နည်းစနစ်ကောင်းသော်လည်း မျိုးမကောင်းပါက အပင်မအောင်ဘဲ လုပ်သမျှအချည်းနှီးသာဖြစ်စေနိုင်သည်။ ထို့ကြောင့် မျိုးကောင်းမှ အပင်သန်၊ အပင်သန်မှ ကောက်ပင်သီးနှံ ထွားကြိုင်းရှင်သန်ဖွံ့ဖြိုးပြီး မြေကြီးမှ ရွှေသီးသလို ဖြစ်မည်ဖြစ်သည်။
မျိုးစေ့သည် စိုက်ပျိုးရေးလုပ်ငန်းတွင် အရေးအကြီးဆုံးအချက်ဖြစ်၍ မျိုးစေ့နှင့်ပတ်သက်သည့် အသိပညာဗဟုသုတများကို ဝါသနာပါသူတစ်ဦးအနေဖြင့် ရှာဖွေလေ့လာလျက်ရှိသည်။ နိုဝင်ဘာ လ ၈ ရက်နေ့က နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန စပါးသီးနှံသုတေသနဌာနခွဲ စပါးသုတေသနဗဟိုဌာန စိုက်ကွင်း၌ ကျင်းပသည့် တောင်သူများပူးပေါင်းပါဝင်သော စပါးမျိုးလိုင်းများ ရွေးချယ်ပွဲအခမ်းအနားတွင် မျိုးစေ့နှင့် ပတ်သက်သည့် စိတ်ဝင်စားဖွယ်ရာအချက်များကို သိရှိခဲ့ရပါသည်။ အဆိုပါအခမ်းအနားတွင် ဒေသခံ တောင်သူများလည်း တက်ရောက်ကြသဖြင့် ၎င်းတို့အနေဖြင့်လည်း အသိပညာဗဟုသုတများ ရရှိလိမ့်မည်ဟု ယုံကြည်သည်။
မျိုးကောင်းမျိုးသန့်ထုတ်လုပ်
စိုက်ပျိုးသီးနှံများ အထွက်နှုန်းကောင်းသလို အရည်အသွေးလည်းမြင့်မားမှသာ တောင်သူများ တွက်ခြေကိုက်ပြီး အကျိုးအမြတ် ပိုမိုရရှိနိုင်ပါသည်။ ထို့ကြောင့် နိုင်ငံတော်က စိုက်ပျိုးရေးလုပ်ငန်းတွင် အရေးပါသည့် ပုဂ္ဂလိက မျိုးစေ့ထုတ်ကဏ္ဍကို အထူးအားပေးဆောင်ရွက်ခဲ့သည်။ သို့သော် တောင်သူများ၏ မျိုးစေ့လိုအပ်ချက်များကို အလုံးစုံ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခြင်းတော့ မရှိသေးပေ။ ထို့ကြောင့် လယ်ယာကဏ္ဍတစ်ခုလုံး မျိုးကောင်း မျိုးသန့်သုံးစွဲမှု လွှမ်းခြုံနိုင်အောင် တောင်သူများ ကိုယ်တိုင် မျိုးစေ့ထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်ကြရန်လိုသည်။ တောင်သူများအနေဖြင့် မျိုးစေ့ကို ကိုယ်တိုင်ထုတ်လုပ်သူများရှိသလို မျိုးသီးနှံကို ဝယ်ယူအသုံးပြုကြသူများလည်းရှိသည်။ သို့သော် စရိတ်စကနှင့် အရည်အသွေးအရ လိုအပ်ချက်များရှိရာ နိုင်ငံတော်က မျိုးကောင်းမျိုးသန့်များ ကိုယ်တိုင်ထုတ်လုပ်နိုင်အောင် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
အရည်အသွေးကောင်း မျိုးမွေးမြူရေးနှင့် မျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်းကို တောင်သူများ ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မှသာ တောင်သူများ၏ လူမှုစီးပွားဘဝများ သိသိသာသာ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည်။ အစောပိုင်းက မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း စိုက်ပျိုးပညာပေးရေး ကွင်း ဝန်ထမ်းများအနေဖြင့် အကျိုးဆောင်တောင်သူများ နှင့်လက်တွဲ၍ မြို့နယ်အသီးသီးတွင် မျိုးစေ့ထုတ် စိုက်ခင်းများ ပြုလုပ်ခဲ့သည်။ စီးပွားဖြစ် မျိုးသန့်မျိုးစေ့များကို ထုတ်လုပ်ခဲ့ကြသည်။ ၂၀၁၁ ခုနှစ်မှ စတင်၍ မျိုးစေ့ထုတ်လုပ်ငန်းများကို ပီပြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးပညာပေးရေး ဝန်ထမ်းများနှင့် အကျိုးဆောင်မျိုးစေ့ထုတ် တောင်သူများ နည်းနာယူနိုင်ရန်အတွက် ‘‘စပါး စီးပွားဖြစ် မျိုးသန့်မျိုးစေ့ ထုတ်လုပ်နည်းပညာ”ကို ဖြန့်ဝေပေးခဲ့သည်။
နွေနှမ်း၊ နွေစပါးစိုက်ပျိုးနိုင်
စပါးစီးပွားဖြစ် မျိုးသန့်မျိုးစေ့ ထုတ်လုပ်နည်းကို နိုင်ငံတော်က မျှဝေပေးလျက်ရှိသည်။ မျိုးထုတ်လုပ်မှုသည် စိတ်ဝင်စားစရာဖြစ်သည်။ စိုက်ပျိုးမည့်ဒေသ ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီ ဖြစ်ထွန်းသော စပါးမျိုး၊ အထွက်နှုန်းမြင့်၍ ဆန်ရည်ဆန်သား ကောင်းသော၊ ဒေသအတွင်းတောင်သူများ အများဆုံးစိုက်ပျိုးသော ဈေးကွက်ဝင်စပါးမျိုးကို ရွေးချယ်စိုက်ပျိုးကြရသည်။ မြန်မာနိုင်ငံ၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှုတွင် မိုးရာသီစပါး သီးနှံ စိုက်ပျိုးမှုမှာ ကျယ်ပြန့်သည့် အဓိကသီးနှံဖြစ်သည်။ ဒုတိယမှာ ဆောင်းရာသီ သီးနှံစိုက်ပျိုးမှုဖြစ်သည်။ မိုးတွင်းတစ်မိုးတွင်းလုံး ရွာသမျှမိုးရေ၏ မြေအစိုဓာတ်ဖြင့် သီးနှံစိုက်ပျိုးကြရသဖြင့် ဆောင်းစိုက် သီးနှံများမှာ ပဲမျိုးစုံ၊ မြေပဲ၊ နှမ်း၊ ဟင်းသီးဟင်းရွက် စသဖြင့် သီးနှံအမယ်အမျိုးစုံသည်။ နွေရာသီကာလတွင် ဆည်ရေရသောဒေသတို့၌သာ နွေနှမ်း၊ နွေစပါး စိုက်ပျိုးနိုင်ကြသည်။
မုတ်သုန်မိုးသည် နှစ်စဉ်ဇွန်လတွင် မြန်မာနိုင်ငံသို့ ဝင်ရောက်လေ့ရှိသည်။ မုတ်သုံဝင်ပြီဆိုသည်နှင့် မိုးရွာသွန်းမှုသည် ဆက်တိုက်ရွာသွန်းလေတော့သည်။ သို့သော် ဇူလိုင်လ မိုးပြတ်တတ်သည့် အလေ့အထကိုတော့ သတိပြုကြရမည်။ စပါးစိုက်ပျိုးကြ ပြီဆိုသည်နှင့် အထွက်ကောင်းလိုလျှင်၊ သီးနှံအရည် အသွေးကောင်းလိုလျှင် ကြုံရာရရာတို့မှ ဝယ်ယူ စိုက်ပျိုးကြသော မျိုးစေ့မဟုတ်သည့် အစေ့အဆန် များကို မစိုက်ပျိုးကြဘဲ မျိုးစေ့မှန်ကိုသာ စိုက်ပျိုးသင့်သည်။ မျိုးစေ့သည် မျိုးပွားခြံ၊ မျိုးသန့်ခြံ၊ စိုက်ပျိုးရေးဌာန၊ မျိုးသန့်ပွားသော တောင်သူ လယ်သမားကြီးများနှင့် ပုဂ္ဂလိက မျိုးစေ့ထုတ် ကုမ္ပဏီများ၊ မျိုးစေ့ထုတ် လယ်သမားကြီးများ လက်ဝယ်တွင်ရှိသည်။
ဈေးကွက်မပျက်ရေးသတိပြု
သီးနှံဖြစ်ထွန်းရေးနှင့်ပတ်သက်၍ ဗဟုသုတ အကျဉ်းအားဖြင့် သီးနှံမျိုးစေ့ထုတ်လုပ်မှုတွင် အဆင့်လေးဆင့်ရှိသည်။ အခြေခံမျိုးထုတ်လုပ်မှုတွင် နှစ်ဆင့်နှင့် မျိုးသန့်ထုတ်လုပ်မှုတွင် နှစ်ဆင့်ရှိသည်။ အခြေခံမျိုးထုတ်လုပ်မှု အဆင့်နှစ်ဆင့်ကို စိုက်ပျိုးရေးသုတေသနဌာနနှင့် စိုက်ပျိုးရေးဦးစီး ဌာနတို့မှ ထုတ်လုပ်ပေးနိုင်သည်။ ထိုမှ ရရှိလာသော မျိုးသန့်ပထမအဆင့်ကို စိုက်ပျိုးရေးဦးစီးဌာနမျိုးစေ့ခြံများမှ ဆောင်ရွက်ပြီး မျိုးသန့် ဒုတိယ အဆင့်ကို ပမာဏများပြားစွာ ထုတ်လုပ်နိုင်ရန် စိုက်ပျိုးရေးဌာန၏ နည်းပညာနှင့် ကြီးကြပ်မှုကို ရယူပြီး ကျေးရွာများတွင် ရွေးချယ်ထားသော အကျိုးဆောင်တောင်သူများ၏ လယ်ယာမြေတွင် စိုက်ပျိုးထုတ်လုပ်ကြသည်။
မျိုးစေ့ထုတ်လုပ်မှုအဆင့် တစ်ခုစီအလိုက် စနစ်တကျစိုက်ပျိုးထုတ်လုပ်မှသာ ရရှိလာသော မျိုးစေ့သည် မူလသီးနှံပင်၏ ဗီဇနှင့်လက္ခဏာများ၊ ရုပ်သွင်ပြင်များ ထပ်တူထပ်မျှ ရရှိလာမည်ဖြစ်သည်။ အကျိုးဆောင်တောင်သူများ၏ မျိုးပွားကွက်တွင် နောက်ဆုံးရရှိလာသောမျိုးသည် စိုက်ပျိုးရန် သင့်သော မျိုးဖြစ်သည်။ မျိုးကောင်းမျိုးသန့် မျိုးစေ့ကို စိုက်ပျိုးခြင်းဖြင့် မျိုးဗီဇတူ၍ အထွက်ကောင်းရုံ သာမကဘဲ ရောဂါနှင့်ပိုးမွှားကျရောက်မှု နည်းပါး၍ မြေဩဇာအာဟာရဓာတ်များကိုလည်း အပင်က အပြည့်အဝ စားသုံးရယူနိုင်သည်။ သီးနှံစိုက်ပျိုးမှု အစတွင် စိုက်ချိန်မှန်ကန်ရေး၊ မြေယာထွန်ယက်မှု လုပ်ငန်းနှင့် စိုက်ပျိုးမည့်မျိုးသည် အရေးကြီးလှသည်။ ဤသုံးချက်မကောင်းလျှင် အထွက်နှုန်း နည်းပါးခြင်းအပြင် အပင်ကြီးထွားမှု မူမမှန်ခြင်း၊ စရိတ်ကုန်ကျမှုများခြင်း၊ လူပင်ပန်းခြင်း၊ ပတ်ဝန်းကျင်ညစ်နွမ်းခြင်းများဖြစ်မည်။ ထွက်ရှိသည့် သီးနှံအရည်အသွေး မကောင်းလျှင် ဈေးကွက်ပျက်မည်ဖြစ်သည်။
သို့ဖြစ်ရာ မျိုးမဟုတ်သော မျိုးစေ့များကို မစိုက်ပျိုးဘဲ မျိုးကောင်းမျိုးသန့်မျိုးစေ့များကို ရွေးချယ်စိုက်ပျိုးကြပါရန် တောင်သူများအား အသိပေး နှိုးဆော်အပ်ပါသည်။ နှစ်စဉ်နှစ်တိုင်း ဤနည်း ဖြင့် စိုက်ပျိုး၍ရသမျှကို စားလည်းစား၊ ရောင်းလည်းရောင်း၊ မျိုးအဖြစ်လည်း ပြန်လည်စိုက်ပျိုးခြင်းများ ပြုလုပ်ကြခြင်းဖြင့် မျိုးကောင်းမှ အပင်သန်၊ အပင်သန်က သီးနှံမှ ရွှေသီးမည်ဖြစ်ပါကြောင်း တိုက်တွန်းရေးသားအပ်ပါသည်။ ။
ကိုးကားချက်
ကိုရဲ(စိုက်ပျိုးရေး)၏ “စစ်မှန်ပြည့်ဝ ဝိစာရ”


