ဆန်ဖရန်စစ္စကို စက်တင်ဘာ ၁၇
၂၀၂၅ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ လေးနှစ်တာကာလအတွင်း ဗြိတိန်တွင် အေအိုင်အဆောက်အအုံနှင့် လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း မိုက်ခရိုဆော့ဖ်က စက်တင်ဘာ ၁၆ ရက်တွင် ကြေညာလိုက်သည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုသည် ဗြိတိန်တွင် ပြုလုပ်မည့် မိုက်ခရိုဆော့ဖ်၏ အကြီးဆုံးရင်းနှီးမြှုပ်နှံမှု ဖြစ်ကြောင်း ကုမ္ပဏီကပြောသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုအစီအစဉ်တွင် ဗြိတိန်နိုင်ငံ၏ ကလောက်နည်းပညာနှင့် အေအိုင်အခြေခံအဆောက်အအုံကို တိုးချဲ့ရန်အတွက် ငွေလုံးငွေရင်းအသုံးစရိတ် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ပါဝင်သည်။
ကျန်ရင်းနှီးမြှုပ်နှံမှုတစ်ဝက်ကို အဆင့်မြင့်သုတေသန၊ အေအိုင်မော်ဒယ်နှင့် ထုတ်ကုန်ဖွံ့ဖြိုး တိုးတက်ရေး၊ ဂိမ်းသစ်တီထွင်ဖန်တီးခြင်း၊ ဒေတာစင်တာလည်ပတ်မှု၊ ဗြိတိန်နိုင်ငံတစ်ဝန်း ကုန်ပစ္စည်းအရောင်းနှင့် ထောက်ပံ့ပေးမှုတို့အပါအဝင် ရှေ့ဆက်လုပ်သွားမည့် လုပ်ငန်းလည်ပတ်မှုများအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း မိုက်ခရိုဆော့ဖ်ကုမ္ပဏီက ပြောသည်။
မိုက်ခရိုဆော့ဖ်၏ အထင်ကရ ရင်းနှီးမြှုပ်နှံမှုသည် အေအိုင်နှင့် ခေတ်မီနည်းပညာများတွင် ဗြိတိန်၏ ဦးဆောင်မှုအပေါ် အပြည့်အဝထောက်ခံခြင်းဖြစ် သည်။
ယခုကဲ့သို့ မိုက်ခရိုဆော့ဖ်၏ရင်းနှီးမြှုပ်နှံမှု ကတိကဝတ်သည် ဒစ်ဂျစ်တယ်အခြေခံ အဆောက်အအုံကို အားကောင်းစေပြီး မြင့်မားသော ကျွမ်းကျင်အလုပ်ထောင်ပေါင်းများစွာကို ပံ့ပိုးပေးရုံသာမက ဗြိတိန်ကို ကမ္ဘာလုံးဆိုင်ရာ ဆန်းသစ်တီထွင်မှု၏ ရှေ့တန်းသို့ ရောက်ရှိစေမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ကီယာစတားမာက ပြောကြားလိုက်သည်။
ဆင်ဟွာ


