မိုင်းဖြတ် ၊ စက်တင်ဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် တည်ဆောက်လျက်ရှိသည့် မူလွန်ကျောင်း ဆောင်သစ်အား စက်တင်ဘာ ၂ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ဆေးအဖွဲ့ဝင်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ညွှန့်နှင့် တာဝန်ရှိသူများက ခွင့်ပြုရန်ပုံငွေ ကျပ် (၂၂၄.၇၅၇)သန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ် (၁၁၃.၄၀၀)သန်းဖြင့် Heaven Hill ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် မူလွန်(ကွက်သစ်) ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ရာ Heaven Hill ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံရှင်းလင်း ပြသခဲ့သည်။
အဆိုပါ မူလွန်(ကွက်သစ်) ကျောင်းဆောင်သစ်မှာ အလျား(၉၀)ပေ၊ အနံ(၃၀)ပေရှိ RCC(၂)ထပ် အမျိုးအစားဖြစ်ပြီး ခွင့်ပြုရန်ပုံငွေ (၂၂၄.၇၅၇) ကျပ်သန်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ခွဲဝေချထားပေးငွေကျပ် (၁၁၃.၄၀၀) သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီးမှုမှာ ၄၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး


