မိုင်းယောင်း ၁၀ ဖေဖော်ဝါရီ 

 

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဖေဖော်ဝါရီ ၉ ရက် ညနေ ၄ နာရီက ကျိုင်းတုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ပေးရေး သိကောင်းစရာများ ဟောပြောပွဲပြုလုပ်ခဲ့သည်။

 

999

 

ဟောပြောပွဲတွင် ကျိုင်းတုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးသန့်ဇင်နှင့် ဝန်ထမ်းများက စားသောက်ကုန် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်များမှ ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များကိုသာ ထုတ်လုပ်ရောင်းချရေး ကြီးကြပ်ဆောင်ရွက်နေမှုများကို ပြောကြားခဲ့သည်။ 

 

11.

 

ဆက်လက်၍ ကျောင်းသား ကျောင်းသူများ ဝယ်ယူစားသောက်နေသည့် မုန့်ပဲသရေစာများတွင် ဆိုးဆေးများ ပါဝင်မှုကြောင့် စားသုံးမိပါက ကျန်းမာရေးထိခိုက်နိုင်ကြောင်း၊ သက်တမ်းလွန်မုန့်များ ဝယ်ယူစားသောက်ခြင်း မပြုရန်နှင့် လက်ကားဖြန့်ဖြူးရောင်းချနေသည့် မုန့်ဆိုင်များတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တားမြစ်ထုတ်ပြန်ထားသောမုန့်များ ရောင်းချခြင်း မရှိစေရေးအတွက် ကြီးကြပ်ဆောင်ရွက်နေမှုများ၊ စံချိန်မမီသော အတုအပများကြောင့် စားသုံးသူပြည်သူများ အန္တရာယ်ကျရောက်နိုင်မှုများကို ပရိုဂျက်တာဖြင့် အသိပညာပေး ရှင်းပြခဲ့ပြီး ရှမ်းဘာသာဖြင့် ပြုစုထုတ်ဝေထားသော စားသုံးသူကာကွယ်ပေးရေး အသိပညာပေး လက်ကမ်းစာစောင်များကို တက်ရောက်လာသူများအား အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့သည်။

 

33.

 

ထို့နောက် ယင်းနေ့ နံနက် ၆ နာရီက ကျိုင်းတုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မြို့မဈေးကော်မတီဝင်များပါဝင်သည့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီပိုင် မြို့မဈေးနှင့် မြို့နယ်အတွင်း မုန့်မျိုးစုံရောင်းချသော ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး အသိပညာပေးဆောင်ရွက်ခဲ့ရာ အဆိုပါမုန့်ဆိုင်၊ စားသောက်ဆိုင်များမှ သိမ်းဆည်းရမိသော သက်တမ်းလွန်ပြီး စားသုံးရန်မသင့်သော မုန့်မျိုးစုံအပါအဝင် တားမြစ်ပိတ်ပင်ထားသည့် ဆိုးဆေးများပါဝင်သော ငရုတ်၊ အရောင်တင်မှုန့်များနှင့် ပြည်တွင်းပြည်ပမှ အရည်အသွေးမမီသည့် စားသောက်ကုန်ပစ္စည်းများ၊ စံမမီအလှကုန်များနှင့် လျှပ်စစ်ပစ္စည်းများ၊ သက်တမ်းကုန်ဆုံးနေသဖြင့် စားသုံးရန်မသင့်သည့် မုန့်မျိုးစုံနှင့် စားသောက်ကုန်များတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။

 

အလားတူ ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲ ၁ နာရီတွင် အ.မ.က(၁) မူလွန်ကျောင်း၌လည်းကောင်း၊ ညနေ ၄ နာရီတွင် အမှတ်(၁) ရပ်ကွက်၌လည်းကောင်း စားသုံးသူအကာအကွယ်ပေးရေးအကြောင်း သိကောင်းစရာများ ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)