ကြို့ပင်ကောက် ၂၈ ဖေဖော်ဝါရီ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အဆင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲနှင့် ထူးချွန်ဆုပေးအပ်ပွဲအခမ်း အနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးစန်းဟိုနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမြင့်အောင် တို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးမှူး ဦးဇော်မင်းက ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ပြည်သူ့ ကျန်းမာရေး ဆောင်ရွက်ခဲ့သောလုပ်ငန်းများ၊ နှစ်အလိုက် ကောက်ယူထားသော ပြည်သူ့ကျန်းမာရေးစစ်တမ်းများကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားရာတွင် ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၁၈ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေး၊ အနာကြီးရောဂါနှင့် တီဘီရောဂါဖြစ်ပွားမှုများပြားလာကြောင်း၊ မကူးစက်သည့်ရောဂါများတွင်လည်း ဆီးချို၊ သွေးတိုး ရောဂါများကို အဖြစ်များသည်ကို တွေ့ရှိရပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် အဆိုပါရောဂါများနှင့် ပတ်သက်၍ လှုပ်ရှားဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်လုပ်ရှားကြရန် လိုအပ်လျှက်ရှိကြောင်း အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ထူးချွန်အောင်မြင်စွာ ထမ်းဆောင်ခဲ့ကြသော ရပ်/ကျေး သူနာပြုဆရာမ ၇ ဦးနှင့် ကျန်းမာရေးဌာန ၃ ခုတို့အား ဆုများချီးမြှင့် ပေးအပ်ခဲ့ကြသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)


