မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော်၊ ဧပြီ ၂၁

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၉ ရက် မွန်းလွဲ ၃ နာရီတွင် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (ခ) ကျေးရွာအုပ်စု၊ ဝမ်ဆောက်ခုံ (အာခါ) ကျေးရွာရှိ မနာဟဲ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ကိုလည်းကောင်း၊ အလားတူ ညနေ ၅ နာရီတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ စခန်းသာကျေးရွာရှိ ဒါယေလှ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊ ဧပြီ ၂၀ ရက် မွန်းလွဲ ၁ နာရီတွင် တာချီလိတ်မြို့၊ ဝမ်ကောင်း ရပ်ကွက်ရှိ မမီချူး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၂၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၉ ရက် မွန်းလွဲ ၂ နာရီတွင် လားရှိုးမြို့နယ်၊ ခါးသျှိကျေးရွာအုပ်စု၊ ခါးသျှိကျေးရွာအနီးတွင် ဝူပေါင်းချောက် (ခ) စိန်နိုင်ဝင်း မောင်းနှင် လာသည့် မော်တော်ဆိုင်ကိုင်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀ ကိုသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်