ပေါက်ပေါက်

 

သွေးလွန်တုပ်ကွေး ရောဂါသည် ရာသီမရွေးဖြစ်ပွားတတ်ပြီး မိုးဦးကျကာလမှစတင်၍ မိုးရာသီတွင် အဖြစ် အများဆုံး ရောဂါဖြစ်သည်။ ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေပြီး တစ်နှစ်လျှင် ရောဂါကူးစက်ခံရသူ သန်း ၄၀၀ နီးပါးရှိကြောင်း၊ ၎င်းတို့အနက် လူကြီး ၁၀ ရာခိုင်နှုန်းနှင့် ကလေး ၃၀ ရာခိုင်နှုန်း ပါဝင်ကြောင်း၊ အရှေ့တောင်အာရှဒေသ၌ မုတ်သုံတောပေါများရာ အင်ဒိုနီးရှား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအများဆုံးဖြစ်ကြောင်း သိရသည်။ မှတ်တမ်းများအရ ကမ္ဘာပေါ်တွင် သွေးလွန်တုပ်ကွေးရောဂါသည် ကပ်ရောဂါအဖြစ် ၁၆၃၅ ခုနှစ်တွင် ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံတွင် ၁၉၇၀ ပြည့်နှစ်တွင် ရန်ကုန်မြို့၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

လူဦးရေထူထပ်ပြီး စိုစွတ်နေရာ အများအပြားရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်ကြောင်း လေ့လာသိရှိရသည်။ ထို့ကြောင့်သွေးလွန်တုပ်ကွေး ဖြစ်ပွားစေသည့် ခြင်ကျားနှင့် ပိုးလောက်လမ်းများအား ကြိုတင်နှိမ်နင်းရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းစဉ်များကို ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် အစဉ်သတိပြု လုပ်ဆောင်သင့်ပေသည်။

 

သွေးလွန်တုပ်ကွေးဆိုသည်မှာ

သွေးလွန်တုပ်ကွေးရောဂါ၏ အဓိကတရားခံက အေးဒီးစ်ခြင်ကျားများဖြစ်ပြီး ရေကြည်ရေသန့်တွင် ပေါက်ပွားလေ့ရှိသည်။ ခြင်ကျားသည် ပိုးလောက် လမ်းဘဝမှ ခြင်ကောင်ဖြစ်ရန် ခုနစ်ရက်ခန့် ကြာမြင့်သည်။ ခြင်တစ်ကောင်၏ ပျမ်းမျှသက်တမ်းသည် တစ်လမှ သုံလခန့်ရှိသည်။ ခြင်မတစ်ကောင်သည် သူ့သက်တမ်းတစ်လျှောက် အနည်းဆုံး ခုနစ်ကြိမ်ခန့် အောင်အောင်မြင်မြင် ဥနိုင်သည်။ တစ်ကြိမ်ဥလျှင် ရာသီဥတုနှင့် နေရာတို့ပေါ်မူတည်၍ ဥ ၅၀ မှ ၃၀၀ ခန့်အထိ ဥနိုင်သည်။ မိုးရွာပြီးနောက် ရေအိုင်များ၊ အိုးခြမ်းပဲ့များ၊ ဘက်ထရီအိုးဟောင်းများတွင် မိုးရေတင်ကျန်ခဲ့ပြီးနောက် နေထွက်လာသောအခါ ပိုးလောက်လမ်းများ ပေါက်ပွားလာကြကာ ၎င်းမှတစ်ဆင့် ခြင်းကျား (ခေါ်) ခြင်ပုန်းများဖြစ်လာသည်။ ခြင်ပုန်းများက ပေါက်ပွားမှုမြန်ဆန်ပြီး ကိုက် ၁၀၀ အထိ ပျံသန်းနိုင်ကြသည်။

 

နေ့ဘက်အချိန်များတွင် ခြင်ကိုက်လေ့ရှိသည်။ ယင်းခြင်များက မိုးဦးစကျောင်းဖွင့်ချိန် လူဦးရေ ထူထပ်သော စာသင် ကျောင်းများတွင် သွေးစုပ်ရန်ကျက်စားလာကြသည်။ ခြင်ဆိုးများသည် လူတစ်ဦးဆီမှ နောက်တစ်ဦး ဆီသို့ မတူညီသောသွေးများကို သယ်ဆောင်၍ သွေးစုပ်ခံရခြင်းဖြင့် လူထုအကြား သွေးလွန်တုပ်ကွေးရောဂါ အစပျိုးဖြစ်ပေါ်လာရသည်။ ရှေးကာလများက အသက်သုံးနှစ်နှင့် ၁၅ နှစ်အရွယ်ကလေးများတွင် သွေးလွန်တုပ်ကွေး ရောဂါအဖြစ်များကြပြီး နောက်ပိုင်းတွင် တစ်နှစ်အောက် ကလေးများသာမက အသက် ၁၅ နှစ်အထက် (၂၅ နှစ်မှ ၃၀) အရွယ်များလည်း သွေးလွန်တုပ်ကွေး ဖြစ်လာကြပြီး လူကြီးများတွင် ဖြစ်ပွားပါက သေဆုံးမှု များသည်။ ယခုလို မိုးဦးဇွန်လမှစ၍ စက်တင်ဘာလအထိ အဖြစ်များ၍ သတိနှင့် ကြိုတင်ကာကွယ် တတ်ကြရန် အရေးကြီးသည်။

 

သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများ

ရောဂါလက္ခဏာများမှာ အပူချိန် ၁၀၀ နှင့် အထက်အဖျားကြီးခြင်း၊ ကိုယ်အပူချိန် ၁၀၅ ဒီဂရီ ဖာရင်ဟိုက်ခန့်အထိ ရုတ်တရက် ဆောင့်တက်လာခြင်း၊ ခေါင်းလွန်စွာကိုက်ခဲခြင်း၊ နားထင်များ နာကျင်ကိုက်ခဲခြင်း၊ အရိုး၊ ကြွက်သား၊ အရိုးဆစ်စသည့် ကိုယ်လက်ကိုက်ခဲခြင်း၊ ဗိုက်နာဗိုက်အောင့်ပြီး ဗိုက်ကိုအထိမခံနိုင်ခြင်း၊ ခိုက်ခိုက်တုန်၍ ခြေဖျားလက်ဖျား အေးစက်ခြင်း၊ အရေပြားပေါ် အနီရောင်အစက်များ ပေါ်လာခြင်း၊ မျက်နှာနီ အမ်းခြင်း၊ ပင်ပန်းနွမ်းနယ်ကာ အချိန်ပြည့်မှိန်းနေတတ်ပြီး အစာစားချင်စိတ်မရှိခြင်း၊ အစားအသောက် အရည်ဝင်ပြီးသည်နှင့် တစ်ပြိုင်နက် အန်ထွက်ခြင်း၊ လည်ချောင်းနာခြင်း၊ လက်မောင်းကို သွေးပေါင်ချိန် တိုင်းကိရိယာနှင့် တိုင်းကြည့်ပါက Hess Test Positive ဖြစ်နေခြင်း စသည်တို့ဖြစ်သည်။ အချို့သူများမှာ ချောင်းဆိုး၊ နှာစေး၊ ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်တတ်သည်။

 

သွေးလန့်ခြင်းရောဂါလက္ခဏာများ

အထက်ပါလက္ခဏာများသည် သာမန်သွေးလွန်တုပ်ကွေးရောဂါဖြစ်ပြီး ဆေးဝါးကုသမှုခံယူပါက ပျမ်းမျှ ရက်သတ္တတစ်ပတ်အတွင်း နေကောင်းသွားပါလိမ့်မည်။ သို့သော် သုံးရက်မှ ငါးရက်အတွင်း အဖျားတက်ရာမှ ရုတ်တရက်အဖျားကျလာပြီး တော်တော်နှင့် မလန်းဆန်းဘဲ လေးလံထိုင်းမှိုင်း၍ မှိန်းနေခြင်း၊ ကယောင်ကတမ်း ဖြစ်ခြင်း၊ ခြေလက်များ အေးစက်ခြင်း စသည်တို့သည် သွေးလန့်ခြင်းလက္ခဏာများဖြစ်သည်။ အထူးသဖြင့် ကလေးများ သွေးလန့်လေ့ရှိကြသည်။ “သွေးလန့်ခြင်း ဆိုသည်မှာ ခန္ဓာကိုယ် အနှံ့အပြားကို သွေးသွားလာမှု လျော့သွားခြင်းကို ဆိုလိုပါသည်။ သွေးရည်ကြည်များ ပြင်ပကိုခဏထွက်သွားသည်ဟု ဆေးသိပ္ပံပညာအရ ပြောလေ့ရှိပြီး အသက်အန္တရာယ်စိုးရိမ်ရသဖြင့် “အဖျားကျစဉ်မလန်းလျှင် အစဉ်သတိချပ် ဟု ပြောစမှတ် ပြုကြသည်။

 

သွေးလန့်သော အခြားလက္ခဏာများမှာ မတ်တတ်ရပ်စဉ်မူးယိုင်ခြင်း၊ မကြာခဏ အဖျားတက်လိုက် ကျလိုက်ဖြစ်ခြင်း၊ မောပန်းခြင်း၊ သွေးခုန်နှုန်းသိသိသာသာ ကျဆင်းသွားခြင်း၊ အာခံတွင်း ခြောက်သွေ့ခြင်း၊ အသက်ရှုနှုန်း မြန်ဆန်လာခြင်း၊ အသည်းရောင်ကိုင်းခြင်း၊ ကော်ဖီရောင်ပျို့အန်ခြင်း၊ သွားဖုံးသွေးထွက်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ သွေးဖြူဥနည်းသွားခြင်း၊ ဆီးနည်းလာပြီး ဆီးထဲသွေးပါခြင်း၊ ကတ္တရာစေးအရောင် ဝမ်းအမည်းများသွားခြင်း စသည်တို့ဖြစ်ကြသည်။ ထိုအခြေအနေမျိုးတွင် ဆရာဝန်၏လက်ဦးမှုကို အရယူနိုင်ဖို့ လွန်စွာ အရေးကြီးသည်။ ထိုအခါလူနာ၏ ရောဂါအခြေအနေ နှင့် ကိုယ်ခံစွမ်းအားပေါ်မူတည်ပြီး တစ်နာရီခြား တစ်ခါ စောင့်ကြည့်ကာ ဆရာဝန်က လိုအပ်သလို ရိုးရိုးဆားရည်သွင်းခြင်း သို့မဟုတ် သွေးရည်ကြည် သွင်းခြင်းတို့ကို သွေးခုန်နှုန်းပမာဏ၊ ဆီးပမာဏ နှင့် သွေးပျစ်ကျဲနှုန်း စသည်တို့ပေါ် မူတည်၍ ထိရောက်စွာ ကုသမှုခံယူရမည်။

 

ရောဂါဖြစ်နေချိန် ရှောင်ကြဉ်ရမည့် အစားအစာများ

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နေပါက အစာမဖြတ်သင့်ဘဲ အစားအသောက်များ စားရမည်။ စွပ်ပြုတ်ရည်၊ ဓာတ်ဆားရည် စသည့်အားရှိစေမည့် အစားအသောက်များကို ဝင်အောင်ကျွေးမွေးရပါမည်။ အစာ ပျောပျော့ ကျွေးရမည်။ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက် စသော အညိုရောင်ပါသည့် အစားအသောက်များကို ရှောင်ကြဉ်ရမည်။ အဘယ်ကြောင့်ဆိုသော် သွေးလွန်တုပ်ကွေးရောဂါ ပြင်းထန်လာပါက ကော်ဖီရောင် အန်တတ်ခြင်းကြောင့် ဖြစ်သည်။

 

ခြင်ကိုစားသော ဒေါင်းငါး

မြန်မာအခေါ်အဝေါ် ဒေါင်းငါး၊ အင်္ဂလိပ်ဘာသာဖြင့် သိပ္ပံအမည်မှာ Poecila reticulate ဖြစ်ပြီး မူရင်းဒေသမှာ ဘရာဇီး၊ ဗင်နီဇွဲလား၊ နယ်သာလန်နှင့် ဂျမေကာတို့ဖြစ်သည်။ အဆိုပါ ဒေါင်းငါးများသည် ခြင်သားလောင်း (ပိုးလောက်လမ်း) များကို စားသုံးသည့် အလေ့အထရှိခြင်းကြောင့်ခြင်များကို အလိုအလျောက် နှိမ်နင်းပြီးသား ဖြစ်သွားကာ သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါနှင့် ဆင်ခြေထောက်ရောဂါများမှ ကြိုတင်ကာကွယ် နိုင်သည်။ အဆိုပါ ရည်ရွယ်ချက်ဖြင့် ခြင်ကြောင့်ဖြစ်သော ရောဂါများမှ ကာကွယ်ရန်အလို့ငှာ ဒေါင်းငါးများကို အရပ်ရပ်သို့ သယ်ယူကြရာမှ ဒေါင်းငါးများလည်း ကမ္ဘာအနှံ့အပြားသို့ ရောက်ရှိ ပျံ့နှံ့သွားခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံသို့လည်း ကိုလိုနီခေတ်ကပင် ငှက်ဖျားရောဂါ ကာကွယ်ရေးအတွက် အင်္ဂလိပ်တို့က သယ်ဆောင်လာ ရာမှတစ်ဆင့် ဒေါင်းငါးများ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းမျိုးစိတ်တွင် ငါးအထီး၏အမြီးသည် ဒေါင်းမြီးသဖွယ် အရောင်စုံ၍ လှပသည့်အတွက် ဒေါင်းငါးဟူ၍ မြန်မာအမည်ပေးခြင်း ဖြစ်ပေသည်။ ၎င်းအလှမွေး ငါးများသည် ရေချိုငါးမျိုးစိတ် ဖြစ်သော်လည်း ဆားငန်နှုန်းကို အတော်အတန်ခံနိုင်ရည်ရှိ၍ ရေငန် အတက်အကျရှိသော မြစ်ဝကျွန်းပေါ်ဒေသများ၌ လည်း ရှင်သန်နိုင်သည်။

 

ဒေါင်းငါးများတွင် အထီးသည် တစ်လခွဲ (ခြောက်ပတ်) သား၌ အရွယ်ရောက်ပြီး အမသည် ၁၂ ပတ်သား၌ အရွယ်ရောက်ကာ သားပေါက်နိုင်သည်။ ဒေါင်းငါးသည် ဥဥလေ့မရှိဘဲ အကောင်လိုက် မွေးသော ငါးမျိုးဖြစ်သည်။ ဒေါင်းငါးအမသည် သန္ဓေဆောင်ကာလ ၂၂ ရက် မှ ၂၆ ရက်ရှိပြီး တစ်ကြိမ်လျှင် ပျမ်းမျှ အကောင်ရေ ၃၀ မှ ၆၀ အထိ မွေးလေ့ရှိကာ အများဆုံးကောင်ရေ ၁၀၀ အထိ သားပေါက်နိုင် သည်။ ငါးအမသည် သားပေါက်ပြီး တစ်လခန့်ကြာလျှင် နောက်တစ်ကြိမ် ထပ်မံ၍သားပေါက်နိုင်သည်။ သက်တမ်းမှာ နှစ်နှစ်ခန့်ရှိသည်။

 

ဒေါင်းငါးများ၏ အစာစားသည့် အလေ့အထသည် အစုံစားငါးမျိုးဖြစ်ရာ သဘာဝတွင် ရေပိုးမွှားများ၊ ရေပင်ပေါက်လေးများကို စားသည်။ အထူးသဖြင့် ခြင်သားလောင်း၊ ပိုးလောက်လမ်းများကို အဓိကထား စားကြသောကြောင့် ခြင်နှိမ်နင်းရေး ငါးမျိုးအဖြစ် ကျော်ကြားသည်။ ခြင်များဥချသော ခြင်ဥများမှတစ်ဆင့် ပိုးလောက်လမ်းများဖြစ်နေသော ရေပြင်ထဲသို့ ဒေါင်းငါးမျိုးများကို တစ်ကြိမ်ထည့်ပေးထားရုံဖြင့် ၎င်း ငါးလေးများက ခြင်နှိမ်နင်းရေးကို သားစဉ်မြေးဆက်အလိုက် စဉ်ဆက်မပြတ် ပြုလုပ် ပေးသွားကြမည်ဖြစ်သည်။ ဤနည်းလမ်းသည် သက်ရှိကို သက်ရှိဖြင့် ပြန်လည်ထိန်းချုပ်သည့် ဇီဝနည်း (Biological Control) ဖြစ်သည်။

 

စမ်းသပ်ချက်များအရ တစ်လက်မခွဲအရွယ် ဒေါင်းငါးအထီး တစ်ကောင်သည် တစ်ရက်လျှင် လောက်လမ်းကောင်ရေ ၃၀ ခန့် စားနိုင်ပြီး နှစ်လက်မခွဲအရွယ် ဒေါင်းငါးအမတစ်ကောင်လျှင် လောက်လမ်း ကောင်ရေ ၆၀ ခန့်ကို စားသည်။ ထို့ကြောင့် မိမိတို့ရပ်ရွာရှိ နေအိမ်များနှင့် စာသင်ခန်း၊ စာသင်ကျောင်းများ အနီးတစ်ဝိုက်ရှိ သောက်သုံး ရေကန်များ၊ ရေနုတ်မြောင်းများ၊ ရေသိုလှောင်ရာ တိုင်ကီ၊ အိုးခွက်များ၊ အုတ်ကန်ကြီးများအတွင်း ဒေါင်းငါးလေးများကို ထည့်သွင်းထားသင့်သည်။ ဒေါင်းငါးလေးများကို နီးစပ်ရာ အလှမွေးငါးအရောင်း ဆိုင်များ၊ အလှမွေးငါးသားဖောက် ရောင်းချသူများ၊ မြန်မာနိုင်ငံ ငါးအလှမွေးမြူသူများ အသင်းနှင့် အလှမွေးငါးများ လက်ကားရောင်းချသည့်ဆိုင်များတွင် ဝယ်ယူနိုင်ပါကြောင်းနှင့် ရေကန်များအတွင်း ဒေါင်းငါးမျိုး ထည့်သွင်းမွေးမြူခြင်းဖြင့် ခြင် အန္တရာယ်ကာကွယ်သည့် လုပ်ငန်းစဉ်တွင် Mosquito Control အနေဖြင့် ဆောင်ရွက်နိုင်ပါကြောင်း အကြံပြု တိုက်တွန်းလိုပါသည်။

 

ကြိုတင်ကာကွယ်ရန် နည်းလမ်းကောင်းများ

ခြင်ကျားလောက်လမ်းသည် ရေကြည်ရေသန့်တွင် အဓိကပေါက်ပွားပြီး ခြင်ကျားပေါက်ပွားပုံ အဆင့်ဆင့် ဖြစ်သည့် (ဥ - ပိုးလောက်လမ်း-ပိုးရုပ်ဖုံး-သက်ကြီးကောင်) ဖြစ်စဉ်မှာ ပျမ်းမျှ ရှစ်ရက်မှ ၁၀ ရက်ခန့်အထိ ကြာမြင့်သည်။ ထို့ကြောင့် မိမိအိမ်၊ ကျောင်းနှင့် ပတ်ဝန်းကျင်တို့တွင် ရက်သတ္တတစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ် ခြင်ကျား လောက်လမ်းရှာဖွေပြီး လောက်လမ်းပေါက်ပွားမှု လုံးဝမရှိအောင် ဖုံး၊ သွန်၊ လဲ၊ စစ်၊ အိုးအတွင်းပိုင်း ကို တိုက်ချွတ်စသည်ဖြင့် ဆောင်ရွက်ရန် လိုအပ်သည်။

 

သွေးလွန်တုပ်ကွေးရောဂါကို ပျောက်ကင်းအောင် ကုသနိုင်သောဆေးဝါး ယနေ့အထိ မပေါ်သေးပါ။ ရောဂါဖြစ်လာမှ ကုသခြင်းထက်၊ မဖြစ်အောင် ကြိုတင်ကာကွယ်ထားတတ်ရန်လိုသည်။ ထို့ကြောင့် “ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုထိရောက်၏ - Precaution is better than Cure” ဟု ဆိုကြခြင်း ဖြစ်သည်။ အရေးကြီးဆုံးမှာ ခြင်ကိုက်မခံရစေရန် ဖြစ်ပါသည်။ နေ့လယ်နေ့ခင်းတွင်လည်း အင်္ကျီ လက်ရှည်၊ ပုဆိုးရှည်ရှည် ဝတ်ဆင်ခြင်း၊ ခြင်ထောင်ဖြင့် အိပ်စက်ခြင်း၊ ရေစီးရေလာကောင်းပြီး ခြင် မပေါက်ပွားစေရန် ရေဆိုးမြောင်းများ ရှင်းလင်းခြင်း၊ လေဝင်လေထွက်ကောင်းပြီး ခြင်မခိုအောင်းနိုင်အောင် အိမ်တွင်းအိမ်ပြင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ခြံတွင်းခြံပြင် ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ကိုယ့်အားကိုယ်ကိုး ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းတို့အပြင် အစားအစာသန့်ရှင်းခြင်း၊ ရေသန့်ရှင်းခြင်း၊ လက်သန့်ရှင်းခြင်း၊ အိမ်သာ (မိလ္လာ) သန့်ရှင်းခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းခြင်း စသည့် သန့် ငါးသန့်နှင့် အညီ မိမိအသိစိတ်ဓာတ်ဖြင့် အိမ်ထောင်စုတစ်စု ချင်းစီတိုင်း တာဝန်ယူကြမည်ဆိုပါလျှင် သန့်ရှင်း ကျန်းမာသော စံပြရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်မှသည် တစ်နိုင်ငံလုံး အတိုင်းအတာအထိ သွေးလွန်တုပ်ကွေး ရောဂါ ကျဆင်းလာမည်ဖြစ်သည်။

 

ကူးစက်ရောဂါဆိုင်ရာ (Epidemiology) အရ သွေးလွန်တုပ်ကွေးရောဂါသည် လေးနှစ်လျှင်တစ်ကြိမ် အပြင်းအထန် (Out-break) ဖြစ်ပွားတတ်သည်။ ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် နှင့် ၂၀၁၇ ခုနှစ်များတွင် သွေးလွန်တုပ်ကွေးရောဂါ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့ပြင် သွေးလွန်တုပ်ကွေးသည် ရာသီတစ်ခုတည်းတွင်ပင် နှစ်ခါပြန်ဖြစ်နိုင်သည့်အတွက် ပထမတစ်ကြိမ် ဖြစ်ပြီးသွားပြီဆိုကာ မပေါ့ဆကြရန်နှင့် ပထမတစ်ကြိမ် သွေးလွန်တုပ်ကွေး ဖြစ်ဖူးသူသည် နောက်တစ်ကြိမ်ထပ်ဖြစ်လျှင် ပိုဆိုးတတ်ကြောင်း ကျန်းမာရေးသုတေသီများက သတိပေးထားသည်။

 

အချုပ်အားဖြင့်ဆိုသော် မိုးဦးကျ ဇွန်လဆန်းပိုင်း ကစပြီး အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပါသည်။ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် မိဘဆရာအသင်း၊ ကျောင်းအကျိုးတော် ဆောင်အဖွဲ့များ၊ လူမှုရေး အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုများက လွန်စွာအရေးပါသည့်အလျောက် အခြေခံပညာ ကျောင်းများ၌ ကျောင်း ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့်အတူ မိဘပြည်သူများကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား ကျောင်းသူ ကလေးငယ်များအား ကူးစက်ရောဂါများမှ ကာကွယ်တားဆီးနိုင်မည် ဖြစ်ပါကြောင်း အကြံပြုလိုပါသည်။

 

ယနေ့ မြန်မာနိုင်ငံရာသီဥတုသည် စွတ်စိုသော မိုးရာသီသို့ရောက်ရှိလာပြီဖြစ်ရာ မိုးရာသီကာလတွင် ဖြစ်လေ့ ရှိသော သွေးလွန်တုပ်ကွေး၊ ရာသီတုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော၊ အရေပြားရောဂါ စသည့် ကူးစက်တတ်သော ရောဂါအမျိုးမျိုးတို့အပြင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးများကိုလည်း အစဉ်သတိရှိကြစေလိုပါသည်။ မိုးရာသီကာလ ဖြစ်လေ့ဖြစ်ထရှိသော ရောဂါများသည် အထိုက်အလျောက် ကြိုတင်ကာကွယ်နိုင်သည့် ရောဂါများဖြစ်ကြရာ မိမိနှင့် မိသားစု တစ်စုချင်းစီအလိုက် ရောဂါမဖြစ်အောင် ကျန်းမာရေးနှင့်လျော်ညီစွာ ပြုမူနေထိုင် ကြခြင်းဖြင့် ကြိုတင်ကာကွယ်စေလိုကြောင်း ထပ်လောင်း အသိပေးလိုက်ရပါသည်။