မြို့ရွာတည်ငြိမ်အေးချမ်းရေး စုပေါင်းကာကွယ်

 

မြန်မာနိုင်ငံရှိ နယ်စပ်ဒေသအချို့နှင့် ဝေးလံခေါင်ဖျားဒေသများရှိ အချို့မြို့ရွာများအား တိုင်းပြည် တည်ငြိမ်အေးချမ်းမှုကို မလိုလားသော အကြမ်းဖက်အဖျက် သမားသောင်းကျန်းသူများက တိုက်ခိုက် ဖျက်ဆီးသည့် လုပ်ရပ်များကို မကြာခဏမြင်တွေ့ကြရမည်ဖြစ်သည်။ ထို့အပြင် မြို့ပြဒေသ အချို့၌လည်း သောင်းကျန်းသူ အဖျက်သမားများက အလစ်အငိုက်ချောင်းမြောင်း တိုက်ခိုက်နေမှုများကိုလည်း ကြားသိကြရမည်ဖြစ်သည်။

အေးချမ်းစွာ နေထိုင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော တိုင်းရင်းသားပြည်သူများ၊ ဒေသခံပြည်သူများအား စစ်ရေးပစ်မှတ်မဟုတ်ဘဲ အကြောင်းမဲ့သက်သက် တိုက်ခိုက်ဖျက်ဆီး ပြုလုပ်နေမှုများသည် တိုင်းရင်းသား အရေး၊  အာဏာရှင်တိုက်ဖျက်ရေးဟု အကြောင်းပြကာ ၎င်းတို့အင်အားတောင့်တင်းရေး၊ အာဏာထူထောင်ရေး၊  ကိုယ်ကျိုးစီးပွားဖြစ်ထွန်းရေးကို ဦးတည်လုပ်ဆောင်နေသည့် အကြမ်းဖက်အဖျက်လုပ်ရပ်များကို ဖန်တီး နေခြင်းသာဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို နှောင့်ယှက်ဖျက်ဆီး နေကြသည့် အကြမ်းဖက်အဖျက်သမားများကို စည်းလုံးညီညွတ်မှု  ပူးပေါင်းစွမ်းအားများဖြင့် တိုက်ဖျက်ကြရမည်ဖြစ်သည်။

ယခုအခါ အဖျက်သမားသောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကို ထင်ရှားစွာ မြင်တွေ့ကြားသိ နေရသည်။  ပြီးခဲ့သည့်  သင်္ကြန်ကာလအတွင်းက ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီး အရိုးကုသဆောင်ပေါ်နှင့်  ပုလောမြို့နယ် ပလောက်မြို့ပြည်သူ့ဆေးရုံ ကလေးကုသဆောင်ပေါ်သို့ ရှော့တိုက်ဒုံးများ၊ ဒရော့ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ရဟန်းသံဃာ၊ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိကြပြီး သေဆုံးမှုများ ဖြစ်ခဲ့သည်။ ဧပြီလ ၁၇ ရက်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ လူနေအိမ်များ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး ထိုနေ့ညနေပိုင်းတွင် ဘူးသီးတောင်မြို့အတွင်းသို့ မြို့၏အရှေ့မြောက် ဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ အမှတ်(၂)ရပ်ကွက်အတွင်းရှိ အပြစ်မဲ့ပြည်သူ လေးဦးသေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူရှစ်ဦး ဒဏ်ရာများရရှိခဲ့သည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ဟိန္ဒူဘာသာဝင်များ၊ မွတ်စလင် ဘာသာဝင်များနှင့် ရခိုင်တိုင်းရင်းသားများ စုပေါင်းနေထိုင်လျက်ရှိသည်။ သမိုင်းကြောင်းအစဉ်အလာအရ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည့်ဒေသဖြစ်သည်။ ထိလွယ်ရှလွယ် ထိန်းသိမ်းရခက်ခဲသော ဒေသဖြစ်သည်။ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လုံခြုံရေးအဖွဲ့အစည်းများနှင့် အစိုးရဝန်ထမ်းများက ညှိနှိုင်းတိုင်ပင်ပေါင်းစပ်ကာ ပြန်လည်ထိန်းသိမ်းဆောင်ရွက်ပေးပြီး အေးချမ်းစွာ နေထိုင်လျက်ရှိသော ဒေသဖြစ်သည်။ သို့သော် AA အကြမ်းဖက် သောင်းကျန်းသူများသည် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်အတွက် ဘူးသီးတောင်၊ မောင်တောဒေသများတွင် လူမျိုးရေး ပဋိပက္ခများဖြစ်ပွားအောင် ဒေသခံပြည်သူများ၊ တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များအား အထင်အမြင် လွဲမှားအောင် ယုတ်မာသည့်လုပ်ကြံဖန်တီးမှုများ ပြုလုပ်လျက်ရှိသည်။

အမှန်တကယ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများသည် လူမျိုးရေး၊ လွတ်မြောက်ရေးကို အကြောင်းပြကာ ၎င်းတို့ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ အင်အားကြီးထွားလာအောင် ရခိုင်ပြည်နယ်အတွင်း အထူးသဖြင့် နယ်စပ်ဒေသများတွင် လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ် ဖောက်ကားခြင်းများကို ပြုလုပ်နေသည့် အကြမ်းဖက်အဖွဲ့ သက်သက်သာဖြစ်သည်။ ယခုအခါ ဘူးသီးတောင်၊ မောင်တောမြို့နယ်အတွင်း နေထိုင်ကြသော ဒေသခံပြည်သူများအား အဓမ္မလူသစ်စုဆောင်းမှုများ ပြုလုပ်ခဲ့ကြပြီး ယင်းကို လက်မခံဆန့်ကျင်ကြသော ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို နှောင့်ယှက်ဖျက်ဆီး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တစ်ဖက်တွင် ၎င်းတို့ကိုယ်တိုင် အဖျက်လုပ်ရပ်များ လုပ်ကိုင်နေသော်လည်း တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များအပေါ် အထင်အမြင်လွဲမှားအောင် အဖျက်လုပ်ရပ် အမျိုးမျိုး ပြုလုပ်လျက်ရှိသည်။

AA အကြမ်းဖက်သောင်းကျန်းသူများက ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော လူနေမြို့ရွာရပ်ကွက်များကို မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်ပြီး အဆိုပါ အကြမ်းဖက် အဖျက်သမားများကို အမြန်ဆုံးဖော်ထုတ်တိုက်ဖျက်နိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ AA အကြမ်းဖက်သောင်းကျန်းသူများက ရခိုင်ပြည်နယ်အတွင်းရှိ အချို့မြို့ရွာများအား အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်နေသည်ကို တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များ က တုံ့ပြန်ရှင်းလင်း ဖယ်ရှားလျက်ရှိသည်။

သို့ဖြစ်ရာ ဒေသကောင်းစားရေးဟု အသံကောင်းဟစ်ကြွေးပြီး အမှန်တကယ်တွင် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ခဲ့ရသည်အထိ ဆင်ခြင်တုံတရားကင်းမဲ့စွာ လုပ်ဆောင်ခြင်းသည် အရုပ်ဆိုးအကျည်းတန်သော အဖျက်လုပ်ရပ်ဖြစ်ပြီး အဆိုပါ အဖျက်လုပ်ရပ်များအား ဝိုင်းဝန်းဆန့်ကျင်၍ သောင်းကျန်းသူများ၏ အခြေအနေကို လျှို့ဝှက်သတင်းပေးကာ မြို့ရွာများ အမြန်ဆုံးပြန်လည်တည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းလက်တွဲကာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

ကြေးမုံ