မြို့ရွာတည်ငြိမ်အေးချမ်းရေး ပူးပေါင်းဆောင်ရွက်

မျက်မှောက်ကာလတွင် အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူများက မြို့ရွာများအား တိုက်ခိုက် နှောင့်ယှက် ဖျက်ဆီးနေသည့် လုပ်ရပ်များကို မြင်တွေ့နေရသည်။ အထူးသဖြင့် နယ်စပ်ဒေသ ပတ်ဝန်းကျင်ရှိ မြို့ရွာများကို တိုက်ခိုက်ဖျက်ဆီးမှုများကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်ကြပြီး ဒုက္ခအခက်အခဲမျိုးစုံကြုံတွေ့ကြသည်။

မကြာသေးမီရက်ပိုင်းက နှစ်နိုင်ငံကုန်သွယ်ရေး အချက်အချာမြို့ဖြစ်သည့် မြဝတီမြို့ကို အကြမ်းဖက် သောင်းကျန်းသူများက ဝင်ရောက်တိုက်ခိုက်သဖြင့် ကုန်သွယ်စီးပွားလုပ်ငန်းများ ရပ်တန့်သွားခဲ့သည်။  ယခု ဧပြီလဆန်းပိုင်းက အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့သည် သာလွန်အင်အားများဖြင့် ကော့ကရိတ်မြို့နှင့် နယ်မြေခံတပ်ဌာနချုပ်များအား နှောင့်ယှက်တိုက်ခိုက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ အကြမ်းဖက်သောင်းကျန်းသူများသည် မြို့ပတ်ဝန်းကျင် ကျေးရွာများမှ တစ်ဆင့် မြို့အားအဝေးမှလက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း၊ မြို့အစွန်ရှိ ရပ်ကွက်များသို့  စိမ့်ဝင်ပြီး ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းများ လုယက်ယူဆောင်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ဓမ္မသတ်ကျေးရွာ၊ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်းရှိ ကော့ဘိန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်နေထိုင်ပြီး အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။ တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးဖြင့် စနစ်တကျဆောင်ရွက်ပြီး တိုက်ခိုက်ချေမှုန်းခဲ့ရာ အဆိုပါမြို့ရွာများကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသခံပြည်သူများ  ပြန်လည် နေရာချထားရေး၊ ဒေသပြန်လည်ထူထောင်ရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

အလားတူ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့ရွာများတွင်လည်း အကြမ်းဖက်သောင်းကျန်းသူများ၏ အလားတူလုပ်ရပ်များကို မြင်တွေ့ကြားသိရသည်။ နိုင်ငံတော်အစိုးရနှင့်တပ်မတော်သည် ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားဆောင်ရွက်လျက်ရှိသည်။ ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံစိတ်ချရေးကို နိုင်ငံတော်က အလေးထားဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက်သောင်းကျန်းသူများက တစိုက်မတ်မတ် နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများမှာ ကြောက်ရွံ့စိုးရိမ် ဖြစ်နေရသည်။

အကြမ်းဖက်သောင်းကျန်းသူများက မြို့ရွာများကို မကြာခဏနှောင့်ယှက် ဖျက်ဆီးမှုများကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးပျက်စီးကြရသည်။ အကြမ်းဖက်သောင်းကျန်းသူများသည် တိုင်းရင်းသား ပြည်သူများအား အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ လုယက်ဖျက်ဆီး မီးရှို့ခြင်း စသည်တို့ကို ပြုလုပ်ကြသောကြောင့် ဘေးလွတ်ရာနေရာများသို့ တိမ်းရှောင် ခိုလှုံကြရသည်။ ယခုအခါ လုံခြုံရေးတပ်ဖွဲ့များက အဖျက်သမားသောင်းကျန်းသူများကို တိုက်ခိုက်ချေမှုန်းနိုင်သဖြင့် အဆိုပါဒေသများ ပြန်လည်တည်ငြိမ် အေးချမ်းလာပြီဖြစ်ရာ ယာယီနေရပ်စွန့်ခွာနေရသော ဒေသခံပြည်သူများအား ၎င်းတို့နေရပ်တွင် ပြန်လည်နေထိုင်နိုင်ရေးအတွက် စည်းရုံးလုပ်ဆောင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

မိမိတို့နေရပ်များသို့ ပြန်လည်ရောက်ရှိလာသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက နေ့ညမပြတ် နွေးထွေးစွာ ကြိုဆို၍ စနစ်တကျလက်ခံဆောင်ရွက်ပေးနေပြီး လိုအပ်သည့် ကူညီစောင့်ရှောက်ရေး လုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ဒေသဆိုင်ရာ အစိုးရ အဖွဲ့ဝင်များက ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများအား တွေ့ဆုံအားပေးပြီး စားသောက်ဖွယ်ရာများနှင့် လိုအပ်သည့်ပစ္စည်းများကို ထောက်ပံ့ကူညီပေးခဲ့သည်။ အဖျက်သမား သောင်းကျန်းသူများက ဒေသခံပြည်သူများ အတိဒုက္ခရောက်အောင် လုပ်ဆောင်မှုများနှင့် နိုင်ငံတော်အစိုးရက ဒေသခံပြည်သူများအား ကူညီစောင့်ရှောက်ပေးနေမှုများအား အထင်အရှား မြင်တွေ့နေရပြီဖြစ်သည်။

မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတစ်လျှောက်တွင် လက်နက်ကိုင်သောင်းကျန်းသူများသည် လွတ်လပ်ရေး ရရှိပြီးချိန်မှ ယနေ့အချိန်ကာလအထိ ၎င်းတို့အကျိုးစီးပွားကို အကြောင်းပြု၍ နိုင်ငံတော်၏ အခြေခံ အဆောက်အအုံများနှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်တို့ကို တိုက်ခိုက်ဖျက်ဆီးနေသည်မှာ နှစ်ပေါင်း ၇၀ ကျော် ရှိပြီဖြစ်သည်။ ပြည်သူများမှာ အေးချမ်းစွာနေထိုင်လုပ်ကိုင်ခွင့်မရဘဲ သောင်းကျန်းသူများ၏ အကြိမ်ကြိမ်ဖျက်ဆီးခြင်းခံခဲ့ရသည်။ နိုင်ငံတော်အစိုးရသည် ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး အပြည့်အဝရရှိပြီး တိုင်းရင်းသားပြည်သူများ ကိုယ်စိတ်နှလုံးအေးချမ်းစွာဖြင့် နေထိုင်လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်နှင့်အတူ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး လက်တွဲပူးပေါင်းလျက် အကြမ်းဖက် အဖျက်သမား သောင်းကျန်း သူများအား တွန်းလှန်တိုက်ဖျက်ကြရမည်ဖြစ်ပါကြောင်း။

ကြေးမုံ