ဗန်ကောက် ဒီဇင်ဘာ ၄
ယခုနှစ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် ရေကြီးမှုများဖြစ်ပေါ်ကာ အာရှနိုင်ငံအချို့တွင် စီးပွားရေးအရ ဆုံးရှုံးမှုကြီးများ ဖြစ်ပေါ်ခဲ့ရသည်။ နိုဝင်ဘာလအတွင်းမှစတင်၍ ထိုင်းနိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လူနေအိမ်များနှင့် စီးပွားရေးအဆောက်အအုံများ မျောပါသွားခဲ့ရသည်။
မိုးရွာသွန်းမှုကြောင့် တာယာနှင့် အခြားထွက် ကုန်များအတွက် သဘာဝရော်ဘာကိုထုတ်လုပ်ပေးသည့် ရော်ဘာစိုက်ပျိုးရေးဧရိယာများတွင် ရေလွှမ်း မိုးမှုများဖြစ်ပေါ်ခဲ့သည်။ အဆိုပါသဘာဝဘေး အန္တရာယ်ကြောင့် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၇ ဘီလီယံခန့် ပျက်စီးဆုံးရှုံးခဲ့သည်ဟု ထိုင်းအစိုးရက ပြောသည်။
အင်ဒိုနီးရှားနိုင်ငံ၌လည်း မိုးရွာသွန်းမှုကြောင့် လူနေအိမ်များသာမက လမ်းတံတားများ၊ အခြား သော အခြေခံအဆောက်အအုံများ ပျက်စီးခဲ့ရသည်။ စိုက်ပျိုးမြေဧရိယာများလည်း ရေနစ်မြုပ်ခဲ့ရသည်။ အင်ဒိုနီးရှားနိုင်ငံ၌ စီးပွားရေးအရဆုံးရှုံးမှုသည် အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ကျော်ခန့်ရှိသည်ဟု အင်ဒိုနီးရှားစီးပွားရေးနှင့် ဥပဒေလေ့လာရေးစင်တာက ခန့်မှန်းထားသည်။
ဗီယက်နမ်နိုင်ငံသည်လည်း ယခုနှစ်အတွင်း တိုင်ဖွန်းမုန်တိုင်းများနှင့် မိုးသည်းထန်စွာရွာသွန်းမှု များကြောင့် သဘာဝဘေးအန္တရာယ်များနှင့် မကြာခဏဆိုသလို ကြုံတွေ့ခဲ့ရသည်။ ဗီယက်နမ်နိုင်ငံ၌ အဆိုပါသဘာဝဘေးအန္တရာယ်များကြောင့် စီးပွားရေးအရ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၆ ဘီလီယံ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည်ဟု ဗီယက်နမ်သတင်း အေဂျင်စီက ဒီဇင်ဘာ ၄ ရက်တွင် ဖော်ပြခဲ့သည်။
ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ၁၁ လအတွင်း မုန်တိုင်းနှင့် အပူပိုင်းမုန်တိုင်းငယ်ပေါင်း ၂၁ ခု တွေ့ကြုံခဲ့ရသည်ဟု စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနက ပြောသည်။
အင်န်အိတ်ချ်ကေ၊ ဆင်ဟွာ


