နယူးဒေလီ   ဩဂုတ်  ၁၈

အိန္ဒိယနိုင်ငံ၏  မြို့တော်ဒေလီရှိ စာသင်ကျောင်းအများအပြားသည် ဩဂုတ် ၁၈ ရက်က ဗုံးခြိမ်းခြောက်မှုများ   လက်ခံရရှိပြီးနောက် အာဏာပိုင်များက အဆိုပါပညာရေးကျောင်းများသို့   ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဗုံးရှင်းလင်းရေးအဖွဲ့များကို  အလျင်အမြန်စေလွှတ်ခဲ့ရ ကြောင်း တာဝန်ရှိသူများက ပြောသည်။

တာဝန်ရှိသူများ၏  ပြောကြားချက်အရ    ဒွါရ်ကာမြို့ရှိ    စာသင်ကျောင်းလေးကျောင်းမှာ  အမည်မသိပေးပို့သူများ၏  ခြိမ်းခြောက်စာများ လက်ခံရရှိခဲ့ပြီး ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ကြောင်း  သိရသည်။  ထို့နောက် ဗုံးရှာဖွေရေးနှင့် ဖယ်ရှားရှင်းလင်းရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့များ၊  မီးသတ်တပ်ဖွဲ့ဝင်များကို  အဆိုပါစာသင်ကျောင်းများသို့ အလျင်အမြန်စေလွှတ်ခဲ့ရသည်ဟု ဆိုသည်။

သို့သော်လည်း သံသယဖြစ်ဖွယ်တစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခြင်း မရှိကြောင်း၊ အဆိုပါဗုံးခြိမ်းခြောက်စာများမှာ   လိမ်လည် မှုများသာဖြစ်ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဒေသတွင်း သတင်းစာ The Indian Express   ၏    ဖော်ပြချက်အရ ဒေလီရှိ  စာသင်ကျောင်း  ၂၀  မှာ ဩဂုတ်  ၁၈ ရက် နံနက်ပိုင်းတွင် ဗုံးခြိမ်းခြောက်သည့် အီးမေးလ်များကို  လက်ခံရရှိခဲ့သည့်အတွက် အာဏာပိုင်များက အဆိုပါ စာသင်ကျောင်းဝင်းများအတွင်း ရှာဖွေရေးလုပ်ငန်းများ     ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့်လကလည်း  ဒေလီရှိ  စာသင်ကျောင်းအများအပြားမှာ အလားတူ   ဗုံးခြိမ်းခြောက်သည့် အီးမေးလ်များ လက်ခံရရှိခဲ့ကြောင်း၊ နောက်ပိုင်းတွင် လိမ်လည်လုပ်ကြံမှုအဖြစ် ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ထို့အပြင် ပြီးခဲ့သည့်နှစ်တွင် နိုင်ငံတစ်ဝန်းရှိ  လေကြောင်းလိုင်းများ၊    စာသင်ကျောင်းများ၊   ဆေးရုံများနှင့်   ဟိုတယ်များ၌  လှည့်ဖြားခြိမ်းခြောက်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆင်ဟွာ