ဩဂုတ် ၂၁
အိန္ဒိယနိုင်ငံ မြို့တော်ဒေလီရှိ စာသင်ကျောင်းပေါင်း ၅၀ ထက်မနည်းတွင် ဩဂုတ် ၂၀ ရက်က ဗုံးခြိမ်းခြောက်စာများလက်ခံရရှိခဲ့ရာ အာဏာပိုင်များက ထိုစာသင်ကျောင်းများသို့ ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဗုံးရှင်းလင်းရေးအဖွဲ့များကို အမြန်သွားရောက်စေခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။
အဆိုပါခြိမ်းခြောက်စာများသည် အလိမ်အညာများသာဖြစ်လာကြောင်း ဖော်ပြထားသည်။ ဖျက်ဆီးဖောက်ခွဲရေးသမားများ ၁၁၁ ဟူသောသီးခြားအဖွဲ့တစ်ဖွဲ့က အမေရိကန်ဒေါ်လာ ၂၅၀၀၀ တောင်းဆိုထားသည့် အီးမေးလ်တစ်စောင် ယင်းစာသင်ကျောင်းများထံသို့ ပေးပို့ထားကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူများ၏ပြောကြားချက်ကို ကိုးကားပြီး ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။
ပုံမှန်အတိုင်း သံသယဖြစ်ဖွယ်တစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခြင်း မရှိကြောင်း၊ ဗုံးခြိမ်းခြောက်စာများမှာ လိမ်လည် မှုများသာဖြစ်ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒေလီရှိ စာသင်ကျောင်းအများအပြားတွင် ဗုံးခြိမ်းခြောက်မှုနှင့်ပတ်သက်သော အီးမေးလ်များ လက်ခံရရှိခြင်းသည် နှစ်ရက်အတွင်း ဒုတိယအကြိမ်ဖြစ်သည်။
ထိုအီးမေးလ်များပေးပို့သူအားရှာဖွေဖော်ထုတ်ရန်နှင့် အီးမေးလ်ပေးပို့လာသော အင်တာနက် ပရိုတိုကော(အိုင်ပီလိပ်စာ)ကို ခြေရာခံစုံစမ်းလျက်ရှိသည်။
ထို့အပြင် ပြီးခဲ့သည့်နှစ်တွင် နိုင်ငံတစ်ဝန်းရှိ လေကြောင်းလိုင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဟိုတယ်များ၌ လိမ်ညာခြိမ်းခြောက်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


