၅  ဒီဇင်ဘာ

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာက လာမယ့်ရာသီ သူနဲ့ မက်ဆီ ( နေမာ-မက်ဆီ)  တို့ တိုက်စစ်အတွဲအဖက်ကို ပြန်လည် မြင်တွေ့ရမယ်လို့    ပီအက်စ်ဂျီအသင်းက မန်ယူအသင်းကို  သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ   ပရိသတ်ကို သတင်းစကားပါး ခဲ့ပါတယ်။   နေမာရဲ့    ဒီစကားက အဓိပ္ပာယ်နှစ်ခွ ထွက်စေခဲ့ပြီး  မက်ဆီက ပီအက်စ်ဂျီကို ပြောင်းမှာလား။   နေမာက ဘာစီလိုနာကို ရောက်မလားဆိုတာပြီး   စဉ်းစားစရာ ရှိပါတယ်။

 

ပီအက်စ်ဂျီအသင်း ဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီက လာမယ့်ရာသီ ပီအက်စ်ဂျီကို မက်ဆီ ရောက်လာတော့မှာလားဆိုတဲ့ မေးခွန်းကို မေးမြန်းခံရချိန် မက်ဆီဟာ လတ်တလောမှာ ဘာစီလိုနာအသင်းကစားသမားဖြစ်နေဆဲ ဖြစ်တာကြောင့်   သူ့အနေနဲ့ မက်ဆီနဲ့ ပတ်သက်ပြီး  တစ်စုံတစ်ရာ ပြောကြားမှာ မဟုတ်ဘူးလို့သာ  တုံ့ပြန်ခဲ့ပါတယ်။ အယ်ခီလိုင်ဖီဟာ  ပီအက်စ်ဂျီအသင်းကို ဝယ်ယူပြီးစ အချိန်ကတည်းက   သူ့ရဲ့ အကြီးမားဆုံး အိပ်မက်က စီရိုနယ်လ်ဒိုနဲ့ မက်ဆီတို့ကို တစ်သင်းတည်းမှာ ထားပြီး ကစားစေရေး ဖြစ်တယ်လို့  ထုတ်ဖော်ပြောကြားခဲ့ဖူးပြီး   ဒီကစားသမားနှစ်ဦးစလုံးကို ခေါ်ယူဖို့  ချိတ်ဆက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။  ဒါပေမယ့် ဒီကစားသမားနှစ်ဦးစလုံးဟာ ငွေကြေးထက် အောင်မြင်မှုကို ဆာလောင်တာကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ လိဂ်မှာ ဆက်လက်ကစားပြီး ကြီးမားတဲ့ အောင်မြင်မှုကို ရှာဖွေလိုခဲ့တဲ့အတွက်  ပီအက်စ်ဂျီက   သူတို့နှစ်ဦးကို မခေါ်ယူနိုင်ခဲ့ပါဘူး။ ငွေကြေးအင်အားတောင့်တင်းတာကြောင့်ပဲ     ပီအက်စ်ဂျီအနေနဲ့ ဒီကစားနှစ်ဦးကို မခေါ်ယူနိုင်တာကလွဲလို့ နာမည်ကျော်   ကစားသမားအမြောက်အမြားကို  ခေါ်ယူနိုင်ခဲ့ပြီး အဲဒီအထဲမှာ နေမာ၊ ဘာပေတို့လို ထိပ်တန်းကစားသမားတွေလည်း  ပါဝင်ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ဘောလုံးရာသီတွေမှာ  ဘာစီလိုနာအသင်းဟာ     နေမာကို ပြန်လည် ခေါ်ယူဖို့  ကြိုးစားခဲ့ပြီး   နေမာကလည်း ဘာကာနဲ့ ပြန်ပူးပေါင်းဖို့ ဆန္ဒရှိနေတယ်ဆိုတဲ့သတင်းတွေ တောက်လျှောက်ထွက်ခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီ အရောက်မှာတော့ နေမာက ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့သလို ဘာကာကလည်း ကိုဗစ်-၁၉ရိုက်ခတ်မှုကြောင့်  လက်ရှိကစားသမားတွေနဲ့ နည်းပြ အဖွဲ့ဝင်တွေအကုန်လုံးကို လစာ လျှော့ယူဖို့တောင်းဆိုပြီး ဒေဝါလီခံရမယ့်အရေးကိုရှောင်လွှဲခဲ့ရပါတယ်။   ဒီလို ဘဏ္ဍာရေးအကျပ်အတည်း ဆိုက်နေတဲ့ အနေအထားမှာ   ဘာစီလိုနာအနေနဲ့   နေမာကို ခေါ်ယူဖို့တာ မဖြစ်နိုင်ဘဲ   ဘာကာနဲ့ ဒီနှစ်ဘောလုံးရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် မက်ဆီသာ ပီအက်စ်ဂျီရောက်ဖို့က   ပိုနီးစပ်တယ်လို့ သုံးသပ်ရမှာပါ။   မက်ဆီဟာ ပြီးခဲ့တဲ့ နွေဈေးကွက်က   ဘာစီလိုနာကနေ ထွက်ခွာဖို့ ကြိုးပမ်းခဲ့သလို သူရဲ့ အရင်းနှီးဆုံး   ဆွာရက်ဇ်ကိုလည်း အသင်းက ထွက်ခွာဖို့  ဖိအားပေးပြီး ဆောင်ရွက်ခဲ့တဲ့  နည်းပြကိုးမန်းရဲ့ နည်းပြအဖွဲ့နဲ့ ဘာစီလိုနာဘုတ်အဖွဲ့ရဲ့ လုပ်ရပ်အပေါ် မက်ဆီ     အတော့်ကို ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။   မက်ဆီအနေနဲ့   ဘာစီလိုနာကနေ ထွက်ခွာဖို့ စိတ်ပိုင်းဖြတ်ထားပုံပေါ်ပြီး သူ့ရဲ့ မြင့်မားတဲ့လုပ်ခလစာကို ပေးချေနိုင်မယ့် မန်စီးတီး (သို့မဟုတ်) ပီအက်စ်ဂျီအသင်းထဲက တစ်သင်းကို   ရွေးချယ်နိုင်ဖွယ်ရှိနေပါတယ်။

 

နေမာက သူ့နဲ့ မက်ဆီ တွဲဖက်တိုက်စစ်ကို လာမယ့် ရာသီမှာ သေချာပေါက် မြင်တွေ့ရမှာဖြစ်ပြီး  မက်ဆီသာ ဆန္ဒရှိရင် ပီအက်စ်ဂျီမှာ လက်ရှိ သူကစားနေရတဲ့နေရာကို လွှဲပြောင်းပေးဖို့ အဆင်သင့် ရှိတယ်လို့    ဆိုထားတာကြောင့် လာမယ့် ရာသီ   မက်ဆီ-နေမာ တိုက်စစ်အတွဲကို မြင်တွေ့ရဖို့ဆိုခြင်းက မက်ဆီ  ပြောင်းရွှေ့မယ့်အသင်းက   ပီအက်စ်ဂျီ     ဆိုတဲ့    အဓိပ္ပာယ်လို့သာ အဖြေထုတ်ရမှာဖြစ်ပါတယ်။

မေလဲ့သင်း