မကွေး  ၁၆   ဖေဖော်ဝါရီ 

 

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ ကျေးရွာအုပ်စု (၆၁)အုပ်စု ၊ ကျေးရွာပေါင်း ၂၁၆ ရွာအတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ကတ်ပြားပေါင်း ၃၈၃၄၅ ကတ် ထုတ်ပေးနိုင်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မကွေးမြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လွင်ထံမှ သိရသည်။

 

သစ္စာစီမံချက်ဖြင့် ၂၀၁၆ခုနှစ် မေလ ၁ ရက်နေ့မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ နိုင်ငံသားစိစစ်ရေး ကတ်ပြား သုံးသောင်းကျော် ထုတ်ပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်၌ ဇန်နဝါရီ ၁ရက်နေ့ မှ မတ်လ ၃၁ ရက်နေ့ထိ နိုင်ငံသား ၁၅၄၃ ဦးကို စိစစ်ထုတ်ပေးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိသည်။

 

“ ၂၀၁၉ ခုနှစ် ပထမသုံးလမှာ ကျေးရွာ ၁၆ ရွာကို စီမံချက်နဲ့ကွင်းဆင်းနေပါတယ်။ အသက် ၁၀ နှစ်ပြည့် ၉၁၀ ဦး ၊ အသက် ၁၈ နှစ်ပြည့် ၆၃၃ ဦး ဆောင်ရွက်ပေးမယ်ဆိုပြီး လျာထားပါတယ်။ တိုင်းအစိုးရရဲ့လမ်းညွှန်မှုကိုခံယူပြီး ဒီလုပ်ငန်း တွေကို ဆောင်ရွက်နေတာဖြစ်သလို ဒီလိုကွင်းဆင်းလုပ်ပေးတဲ့အတွက် စာရင်းအချက်အလက်မှန်မှန်ကန်ကန် နဲ့ အချိန်၊ငွေ အကုန်အကျသက်သာပြီး ဒေသခံပြည်သူတွေ၊ ကျောင်းသားကျောင်းသူရဲ့ ပညာရေး၊ စီးပွားရေး စတဲ့ လုပ်ငန်းဆောင်တာတွေမှာ အများကြီး အကျိုးရှိပါတယ် ” ဟု မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လွင် ကပြောပြသည်။

 

ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့နယ်၊ မိကျောင်းရဲအခြေခံပညာ အထက်တန်းကျောင်းမှ အသက်(၁၀)နှစ်ပြည့် ကျောင်းသားကျောင်းသူ ၄၅၁ ဦးအား သစ္စာစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ ပြီး လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မကွေးတိုင်းဒေသကြီးဝန်ကြီး ဦးမြင့်ဆွေ နှင့် တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူးဦးအောင်ကျော်မြင့် တို့ တက်ရောက်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ 


                 
ဇေယျတု(မကွေး)